ပုဏ္ဏားကျွန်း – ၂၀၂၄ စက်တင်ဘာ ၁၈ ( မော်ကွန်း)
အာရက္ခတပ်တော်AA ကသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ထဲကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့တာကြောင့် အရပ်သား တစ်ဦးသေဆုံးကာ
သုံးဦးဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့ ပုဏ္ဏားကျွန်း လူမှုကူညီရေးအသင်းထံက သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နှင့် ရသေ့တောင်မြို့ကိုဆက်သွယ်ထားတဲ့ကားလမ်းဆုံကို မနေ့က ညနေ ၄:၀၀ နာရီ အချိန်လောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးဖြင့်လာရောက်ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
” လေယာဉ်သံကြားတော့လူတွေရုန်းရင်းဆန်ခတ်ဖြစ်နေတုန်းမှာပဲ ဗုံးတစ်လုံးချသွားတာ” လို့ အနီးအနားမှာရှိနေခဲ့တဲ့ လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် ခရီးသွားပြည်သူ တစ်ဦးပွဲချင်းပြီး သေဆုံးသွားသလို သုံးဦးမှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားတဲ့အတွက် နီးစပ်ရာဆေးခန်းတစ်ခုကို အရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ သဩဂုတ် ၂၃ ရက်ကလည်း စစ်တွေမြို့အခြေစိုက်တပ်ရင်းတွေက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးရွာသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ရွာသားတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။
စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ AA သိမ်းပိုက်ရရှိထားတဲ့ မြို့တွေမှာ အရပ်သားတွေနေထိုင်လို့မရအောင် လက်နက်ကြီးပစ်ခတ်မှုတွေ ၊လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်ပြုလုပ်လာနေပါတယ်။
” AA ဆီမှာစစ်ရှုံးထားတဲ့ နေရာတွေကို သူတို့က လုံးဝကျေနပ်တာမဟုတ်ဘူး။ လူတွေနေလို့မရအောင်လုပ်နေတာ။ AA ကလည်း ဒိီအခြေနေကိုကြိုသိလို့ မြို့ထဲဝင်ခွင့်မပေးသေးတာ။ ဒါတောင်လူမြင်တာနဲ့လိုက်ပစ်သေးတယ်။ ကျွန်မတို့ကလည်း မြို့ထဲမှာ အသက်အန္တရာယ်ကိုမလုံခြုံလို့ နယ်မှာပဲအကျပ်အတည်းခံပြီး စစ်ရှောင်နေတာ” လို့ ပုဏ္ဏားကျွန်းဒေသခံတစ်ဦးကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ သဩဂုတ်ကနေ စက်တင်ဘာ ၁၈ ရက်အထိ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားစုစုပေါင်း ၃၄ ဦး
သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မော်ကွန်းသတင်းဌာနက စုံစမ်းကောက်ယူထားတဲ့စာရင်းအရ သိရပါတယ်။
Photo -ပုဏ္ဏားကျွန်းလူငယ်များအသင်း
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

