မိုးကုတ် – ၂၀၂၃ စက်တင်ဘာ ၁၈ (မော်ကွန်း)
တိုက်ပွဲတွေပြင်းထန်လာနေတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကူတက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကားသုံးစီးကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲလိုက်တာကြောင့် နှစ်စီးဟာ ချောက်ထဲထိုးကျသွားပြီး ကျန်တဲ့တစ်စီးလည်း မိုင်းထိထားကာ စစ်သားအလောင်းသုံးလောင်းတွေ့ခဲ့ရတယ်လို့ မြင်တွေ့ခဲ့ရတဲ့ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးဘက်ကနေ စစ်ကူတက်လာတဲ့ စစ်ကား သုံးစီးကို မိုးကုတ်တော်လှန်ရေးတပ်ဖွဲ့တွေက ဒီနေ့မနက်အစောပိုင်းအချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မိုးကုတ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေထဲက တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
” မိုင်းဆွဲလိုက်တာဟုတ်တယ်၊ သူတို့အလောင်းတွေပုံသွားတယ်လေ၊ အသေးစိတ်ကိုတော့မထုတ်ပြန်သေးပါဘူး၊ ဆက်လုပ်စရာတွေရှိသေးလို့ပါ “လို့ အဆိုပါတပ်ဖွဲ့ဝင်ကပြောပါတယ်။
မိုင်းဆွဲခံရတဲ့အထဲက နှစ်စီးဟာ မန္တလေး-မြစ်ကြီးနားလမ်း၊ မိုးကုတ်မြို့နယ်၊ ရေအေးကျေးရွာအုပ်စု၊ ဂွေ့ကြီးရွာမှာရှိတဲ့ အမှိုက်ပုံချောက်ထဲကို ထိုးကျသွားတာဖြစ်ပြီး အဲဒီကားပေါ်မှာပါတဲ့ စစ်သားတွေအများစုလည်း သေဆုံးနိုင်တယ်လို့ ဒေသခံကပြောပါတယ်။
လမ်းပေါ်မှာ ကျန်ခဲ့တဲ့တစ်စီးဟာလည်း မိုင်းထိထားပြီး ကားတံခါးနဲ့ ဘီးအောက်မှာ ညပ်နေတဲ့ စစ်သားအလောင်းသုံးလောင်းကိုပါ တွေ့ခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။
” အလောင်းသုံးလောင်းတွေ့တယ်၊ ကျွန်တော်ဖြတ်လာတဲ့အထိတောင်အလောင်းလာမယူသေးဘူး၊ နာရေးကူညီမှုကားတွေတော့ သွားခဲ့တာမြင်တယ်၊ ကျန်တဲ့စစ်သားတွေက သေနတ်ဖောက်ပြီး ထွက်ပြေးကုန်ကြပြီ”ဒေသခံက သူတွေ့ခဲ့တဲ့အချိန် မွန်းလွဲ ၃း၀၀ နာရီဝန်းကျင်လောက်က အခြေအနေကို ပြောပြပါတယ်။
စစ်ကားတွေ မိုင်းအဆွဲခံရတဲ့နေရာဟာ မိုးကုတ်မြို့နယ်၊ ကျပ်ပြင်ကျေးရွာအုပ်စုနဲ့ မဝေးတော့တဲ့နေရာမှာရှိတာဖြစ်ပါတယ်။
မိုးကုတ်မြို့မှာ မိုးကုတ်အခြေပြုတပ်ရင်းများနဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေတပ်မတော်(TNLA)ပူးပေါင်းတပ်တို့ဟာ အာဏာသိမ်းစစ်တပ်ကို မိုးလုံးမှိုင်းစစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်နေပြီး တိုက်ပွဲအခြေနေပြင်းထန်နေတယ်လို့မိုးကုတ်အခြေပြုတပ်ရင်းများကသတင်းထုတ်ပြန်ထားပါတယ်။
#Dailynews