ရန်ကုန်- ၂၀၂၄ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း)
ထားဝယ်နဲ့မြိတ်ဒေသကတစ်ဆင့် ထိုင်းနိုင်ငံဘက်ကို ကုန်စည်တင်ပို့ကူးသန်းနေတဲ့ ယာဉ်တွေထံကနေ အဲဒီဘက်မှာ ပြည်ထောင်စုလမ်းမကြီးတွေအထိ စစ်ရေးလွှမ်းမိုးထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အခွန်ကောက်ယူနေပြီး နေရာဒေသနဲ့ တပ်ဖွဲ့အပေါ်မူတည်ကာ နှုန်းထားကွဲပြားကြတယ်လို့ အဲဒီလမ်းပိုင်းမှာ မောင်းနှင်နေတဲ့ ကုန်တင်ယာဉ်မောင်းတချို့က ပြောပါတယ်။
ရန်ကုန်ကနေထွက်လာတဲ့ ကုန်တင်ယာဉ်တစ်စီးဟာ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအစပ်က ပြည်ထောင်စုလမ်းပိုင်းပေါ် ဖြတ်သန်းတာနဲ့ စတင်အခွန်ဆောင်ရတာဖြစ်ပြီး အဲဒီကတစ်ဆင့် ဆက်သွားရင် တနင်္သာရီတိုင်းအတွင်းမှာလည်း မတူညီတဲ့ နေရာတွေမှာ အခွန်ဆောင်ရတယ်လို့ သူတို့က ပြောပါတယ်။
“သံဖြူဇရပ်ကျော်တာနဲ့ ဟိုဘက်ဆိုရင် PDF တွေကို လမ်းပေါ်မှာ စတွေ့ရပြီ။ သူတို့က ယာဉ်တွေကို တစ်နှစ်စာ အခွန်ဆောင်ခိုင်းတယ်” လို့ ထားဝယ်- ရန်ကုန်မောင်းတဲ့ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပြတယ်။
အခွန်ကောက်ယူမှုကို တော်လှန်ရေးတပ်ဖွဲ့တွေက ရေးမြို့နယ်နဲ့ ပုလောမြို့နယ်တွေအတွင်းမှာ လုပ်ဆောင်ကြလေ့ရှိပြီး ငွေကြေးကောက်ခံမှုအတွက် ဘောင်ချာဖြတ်ပိုင်းပေးကာ အခွန်ကို တစ်ကြိမ်တည်းအပြီးဆောင်နိုင်သလို ငါးသောင်းကျပ်စီ ငါးရစ်ခွဲပြီးလည်းဆောင်နိုင်တယ်လို့ ကုန်တင်ယာဉ်မောင်းတချို့က ပြောပါတယ်။
သံဖြူဇရပ်- ထားဝယ်ကြားလမ်းပိုင်းမှာ လွှမ်းမိုးတဲ့တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ကုန်တင်ယာဉ်တစ်စီး ကျပ်နှစ်သိန်းခွဲကောက်သလို ထားဝယ် – မြိတ်ကြားလမ်းပိုင်းမှာ လွှမ်းမိုးတဲ့ နောက်ထပ်တော်လှန်ရေးအဖွဲ့တစ်ခုကလည်း ကုန်တင်ယာဉ်တစ်စီး ကျပ်နှစ်သိန်းခွဲကောက်ခံတယ်လို့ အခြားကုန်တင်ယာဉ်မောင်းတစ်ဦးကလည်း ပြောပြပါတယ်။
“ တစ်နှစ်စာ ဆောင်ရတာပေါ့၊ နှစ်ဖွဲ့ကောက်တာရှိတယ်။ သူ့အပိုင်းအလိုက် ကောက်ကြတယ်။ ပေးရတာ တန်ပါတယ်။ နည်းနည်းပဲကောက်တာ” လို့ အထက်ပါ ယာဉ်မောင်းက ပြောတယ်။ သူက ၁၂ ဘီးကုန်တင်ယာဉ်ကို ရန်ကုန်-မြိတ် လမ်းပိုင်းမှာ မောင်းနှင်နေသူ ဖြစ်ပါတယ်။ မြိတ်နဲ့ ကော့သောင်းကြား လမ်းပိုင်းမှာလည်း ကောက်ယူတယ်လို့ ကြားပေမယ့် အဲဒီလမ်းပိုင်းကို မသွားဖြစ်သေးတော့ မသိဘူးလို့ သူက ဆက်ပြောတယ်။
တနင်္သာရီမြို့နယ်ကနေ မောတောင်(ထိုင်းနယ်စပ်) ကုန်သွယ်ရေးစခန်းကို သွားရင်တော့ အဲဒီလမ်းပိုင်းကို ထိန်းချုပ်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU )ရဲ့ တပ်မဟာ(၄) လက်အောက်ခံ တပ်ဖွဲ့တွေက အခွန်ကောက်ယူတာရှိပြီး တစ်ကြိမ် ဖြတ်သန်းတိုင်း ၁၂ ဘီးယာဉ်တစ်စီးကို ကျပ်ငါးသိန်း ကောက်ယူတယ်လို့ သူက ပြောပါတယ်။
“ KNU ကောက်တာကတော့ များတယ်” လို့ အထက်ပါ ၁၂ ဘီးယာဉ်မောင်းကပြောပြီး ထားဝယ် – ထီးခီး (ထိုင်းနယ်စပ်) လမ်းပိုင်းမှာ ကောက်ယူတာလည်းရှိပေမယ့် သူ့မသွားဖူးလို့ ပမာဏကိုမသိဘူးလို့ ပြောပါတယ်။
ထားဝယ်-ထီးခီးလမ်းပိုင်းမှာ မဟာမိတ်တပ်တွေနဲ့အတူ စစ်ရေးလှုပ်ရှားနေတဲ့ ဥဩစစ်ကြောင်း(ထားဝယ်)က ပြန်ကြားရေး တာဝန်ခံတစ်ဦးကတော့ ထီးခီးလမ်းပိုင်းကနေ နယ်စပ်ကုန်သွယ်ရေးလုပ်ကြတဲ့ ကုန်ကားတချို့ထံက အလှူငွေကောက်ခံတာရှိတယ်လို့ မော်ကွန်းကို အတည်ပြုပါတယ်။
“ ရလာတဲ့ငွေကို တပ်ဖွဲ့တွေရဲ့ ရိက္ခာတို့၊ ကျည်ဆန်တို့ ဝယ်တာတွေ၊ ဆေးဝါးဝယ်တာတွေမှာ ပြန်သုံးတာ ရှိတယ်” လို့ သူကပြောပြီး ယာဉ်တစ်စီးကို ပမာဏဘယ်လောက်ကောက်နေတယ်ဆိုတာကိုတော့ ထုတ်မပြောပါဘူး။ ဒါအပြင် ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှု အများဆုံးပြုလုပ်ထားတဲ့ ထီးခီးကုန်သွယ်ရေးလမ်းပိုင်းဟာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပိတ်ထားရတာကြာပြီလို့လည်း သူကဆက်ပြောပါတယ်။
မြန်မာနဲ့ထိုင်း နယ်စပ်ကုန်သွယ်မှုကို ရှမ်း၊ ကရင်နီ၊ ကရင်၊ မွန်နဲ့ တနင်္သာရီဒေသတွေမှာရှိတဲ့ တာချီလိတ်၊ မယ်စဲ့၊ မြဝတီ၊ ဘုရားသုံးဆူ၊ ထီးခီး၊ မောတောင်နဲ့ ကော့သောင်းနယ်စပ်ဂိတ်တွေကနေ ကုန်သွယ်နိုင်ပြီး ထီးခီးနဲ့ မြဝတီနယ်စပ်ဂိတ်တွေဟာ အဓိက ကုန်သွယ်ရေးဂိတ်တွေပါ။
စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော် ကြာလာတဲ့အခါ ထိုင်းနဲ့ ကုန်သွယ်နိုင်တဲ့ လမ်းပိုင်းတွေကို တော်လှန်ရေးအင်အားစုတွေဘက်က အများစုထိန်းချုပ်ထားပြီး တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးလည်း ကျဆင်းနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကိုတော်လှန်နေကြတဲ့ အဖွဲ့အစည်းအသီးသီးဟာ သူတို့ထိန်းချုပ်ဒေသတွေမှာ အခုလို အခွန်ကောက်ယူတာတွေကို ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်နေကြတာရှိပြီး နေရာဒေသနဲ့ အဖွဲ့အစည်းတွေအပေါ်မူတည်ပြီး ပမာဏလည်း ကွဲပြားကြတယ်လို့ ဒေသခံတချို့ကဆိုသလို အဖွဲ့အစည်းတွေကိုယ်တိုင်ကလည်း ထုတ်ပြောထားတာတွေ ရှိပါတယ်။
ပုံစာ- ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပိုင်း၊ စစ်တောင်းတံတားအနီးမှာ ကုန်တင်ယာဉ်တွေ ယာဉ်ကျောပိတ်ဆို့နေတာကို ပြီးခဲ့တဲ့နှစ် မေလကုန်ပိုင်းက တွေ့ရစဉ်။
ဓါတ်ပုံ- မော်ကွန်း။