ရန်ကုန်-၂၀၂၁ ဒီဇင်ဘာ ၅ ( မော်ကွန်း)
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမပေါ်က အာဏာရှင်ဆန့်ကျင်သော လူငယ်တွေရဲ့ ဆန္ဒပြသပိတ်ကို စစ်ကောင်စီတပ်သား တွေက အနောက်ဘက်ကနေ စစ်ကားနဲ့ ဝင်တိုက်ပြီး သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးတာကြောင့် ယနေ့မနက်ပိုင်းမှာ လူငယ်လေးဦးကျဆုံးကာ အများအပြားဒဏ်ရာရ၊ အဖမ်းခံရတယ်လို့ မျက်မြင်တွေ့သူတချို့က ပြောပါတယ်။
“ နောက်က ကားနဲ့ တိုက်တယ်။ အရှိန်ပြင်းပြင်းနဲ့တိုက်လို့သေသွားတယ်။ ပြီးတော့သေနတ်ကို မိုးပေါ်တောင် ပစ်တယ်။ လေးယောက်က ကားနဲ့ဝင်တိုက်တာ။ နေရာမှာတင် ပွဲချင်းပြီးပဲဗျာ” လို့ ဒေသခံတစ်ဦးက ပြောတယ်။
အနီးအနားတိုက်တွေပေါ် တက်ပြေးကြတဲ့ ဆန္ဒပြလူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးခဲ့သလို ကျဆုံးသွားတဲ့ လူငယ်လေးဦးကို စစ်ကောင်စီတပ်သား တွေက သယ်ယူသွားတယ်လို့ ကြည့်မြင်တိုင် ဒေသခံတချို့က ပြောပါတယ်။
လူမှုကွန်ယက်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်တခုအရ ချီတက်လမ်းလျှောက်နေတဲ့ ဆန္ဒပြလူငယ်အုပ်အတွင်းကို အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ စစ်ကားတစီးက ခိုအုပ်ထဲခဲပစ်ထည့်သလိုမျိုး ဝင်တိုက်ခဲ့တာကို တွေ့ရပါတယ်။
ဒီဇင်ဘာ ၄ ရက်အထိ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တာကြောင့် လူပေါင်း ၁,၃၀၀ ကျော် အသက်ခံထားရကာ ၁၀’၀၀၀ ကျော် အဖမ်းခံခဲ့ရပြီး ၂,၀၀၀ နီးပါးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ- CJ
ပုံစာ- ယနေ့မနက်ဆန္ဒပြပွဲချီတက်လာပုံ။
#Dailynews

