မန္တလေး – ၂၀၂၃ မတ််၂၇ (မော်ကွန်း)
မန္တလေးတိုင်း၊မန္တလေးမြို့၊ ရတနာပုံခန်းမနားမှာ ဒီနေ့နံနက် ၇:၀၀ ဝန်းကျင်က မိုင်းတွေ့လို့လာရောက်ဖောက်ခွဲတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားတွေမိုင်းခွဲခံရပြီး သေဆုံးမှုရှိခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
မန္တလေးမြို့ ၊ဒေါ်အောင်ဆန်းစုကြည်လမ်း၊ ၃၈လမ်းပေါ်က ရတနာပုံခန်းမနားမှာမပေါက်ကွဲသေးတဲ့မိုင်းတွေ့တာကြောင့် စစ်သားတွေ လာရောက်ဖောက်ခွဲချိန်မှာ မိုင်းကွဲခဲ့တာလို့ မြို့ခံတစ်ဦးကဆိုပါတယ်။
” ဗုံးတွေ့လို့ဆိုပြီးလမ်းပိတ်ဖောက်ခွဲမယ်လုပ်တာ၊ ၃၈လမ်းကိုပိတ်ထားတယ်၊ အိမ်တွေနားမှာလည်း သူတို့ရှိတယ်၊ခဏကြာတော့ပေါက်ကွဲသံနှစ်ချက်ကြားလိုက်ရတာပဲ”လို့ မြို့ခံတစ်ဦးကဆိုပါတယ်။
ပေါက်ကွဲသံနှစ်ချက်ကြားပြီးနောက် လူနာတင်ကားတွေ ရတနာပုံခန်းမထဲဝင်သွားကာ သေဆုံးသူနှစ်ဦးရှိတယ်လို့လည်း မြို့ခံတွေဆီကသိရပါတယ်။
ရတနာပုံခန်းမနားမှာ မြနန္ဒာစစ်ဆင်ရေး Banner ချိတ်ဆွဲပြီး မိုင်းသုံးလုံးထောင်ခဲ့ပြီး စစ်သားတွေလာရောက်ဖောက်ခွဲချိန်မှာ အဝေးထိန်းနဲ့ ဖောက်ခွဲခဲ့တာလို့ မြနန္ဒာစစ်ဆင်ရေးက ဒီနေ့ထုတ်ပြန်ထားပါတယ်။
ပုံစာ – ဒီကနေ့ချိတ်ဆွဲခဲ့တဲ့ မြနန္ဒာစစ်ဆင်ရေးဘန်နာ
ဓါတ်ပုံ – မြနန္ဒစစ်ဆင်ရေး
#Dailynews

