ရန်ကုန် – ဩဂုတ် ၁၉ (မော်ကွန်း)
စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေတာကြောင့် မန္တလေး-ရွှေဘို-မြစ်ကြီးနားကားလမ်းကို အင်းတော်မြို့အနီးမှာ ပိတ်ထားရတာ သီတင်းပတ်တစ်ပတ်နီးပါး ကြာမြင့်နေပြီလို့ ဒေသခံတချို့က ပြောပါတယ်။
အခုလ ၁၆ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အင်းတော်မြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ပေါ်ထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
မန္တလေး-မြစ်ကြီးနားကားလမ်းကိုတော့ တိုက်ပွဲမဖြစ်ခင် တစ်ရက်တည်းကကြိုပြီး စစ်ကောင်စီဘက်က ပိတ်ထားတာဖြစ်တယ်လို့ ဒေသခံယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“ လမ်းကိုပိုင်းဖြတ်ပြီး အင်းတော်မရောက်ခင် မြစ်ကြီးနားအထက်ပိုင်းကဆင်းတဲ့လမ်းရော၊ ရွှေဘိုက တက်လာမယ့်လမ်းတွေရော ပိတ်ထားတယ်” လို့ ၎င်းယာဉ်မောင်းက ပြောပါတယ်။
တိုက်ပွဲစဖြစ်တဲ့ရက်မှာ အင်းတော်မြို့က ဒေသခံသောင်းနဲ့ချီကာ မြို့ကိုစွန့်ခွာထွက်ပြေးကြရပြီး ဒီနေ့ထိ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ အင်းတော်မြို့ဒေသခံတချို့က ပြောပါတယ်။
“အခုဖုန်းလိုင်းက အဲဒီဘက်ကခေါ်မှရတယ်။ ဖုန်းလိုင်းတော့ မိလိုက်မမိလိုက်ပဲ။ မြို့ပေါ်မှာတော့ တော်တော်များများက ၁၆ ရက်နေ့ မနက်တည်းက ရှောင်သွားကြပြီ။ ပိတ်မိတဲ့သူရှိတယ်လို့တော့ မကြားမိသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အင်းတော်မြို့မရဲစခန်းနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ တော်လှန်ရေးတပ်တွေက ဝင်တိုက်ခိုက်ခဲ့ပြီး မြို့ကို သိမ်းယူဖို့အထိ တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အင်းတော်ြမို့ပေါ်က ဘာသာရေးအဆောက်အဦတချို့နဲ့ နေအိမ်တချို့လည်း လက်နက်ကြီးတွေ ကျရောက်တာကြောင့် မီးလောင်ပျက်စီးတာတွေရှိသလို အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တာပါ။
အခုလ ၁၅ ရက်ကလည်း ကောလင်းခရိုင်ထဲမှာရှိတဲ့ ပင်လယ်ဘူးမြို့က စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးတွေအပါအဝင် တပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲက ဆက်လက်ဖြစ်နေပါတယ်။
အခုလ ဒုတိယအပတ်ကစပြီး စစ်ကိုင်းတိုင်းထဲက အင်းတော်၊ ပင်လယ်ဘူး၊ ဒီပဲယင်း၊ ရေဦး စတဲ့မြို့နယ်တွေကို တော်လှန်ရေးတပ်တွေက တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
မနေ့ကတော့ ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်သိမ်းပိုက်လိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီက လေကြောင်းကနေ ထိုးစစ်ဆင်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ မြို့ကို ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ ရွှေပြည်အေး၊ မော်လူး၊ ခမ်းပတ်နဲ့ မြို့သစ်မြို့နယ်တွေကို တော်လှန်ရေးတပ်တွေက လက်ရှိအချိန်ထိ ထိန်းချုပ်သိမ်းယူထားပါတယ်။
ပုံစာ – အင်းတော်မြို့အဝင်ဆိုင်းဘုတ်
ဓာတ်ပုံ – Indaw Revolution – IR
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

