ရန်ကုန်၊ ၂၀၂၃ မေ ၁၆ (မော်ကွန်း)
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က နွေစပါးစိုက်ဧက ငါးရာခန့်ပျက်စီးခဲ့တယ်လို့ ရခိုင်ပြည်နယ်ကလယ်သမားတစ်ချို့က ပြောပါတယ်။
အဲဒါက ပြည်နယ်တစ်ခုလုံးမှာ ဒီနှစ်စိုက်ခဲ့တဲ့ နွေစပါးဧက ၇၀၀ ကျော်ရဲ့ သုံးပုံနှစ်ပုံလောက် ပျက်စီးသွားတာလို့ သူတို့ကဆိုပါတယ်။
နွေစပါးဧက ၁၀၀ လောက် စိုက်ထားတဲ့ လယ်သမားဦးတင်ထွေးဆိုရင် ရိတ်သိမ်းနေရင်း တန်းလန်းမှာပင် သူ့စပါး သုံးပုံနှစ်ပုံလောက် မုန်တိုင်းကြောင့် ပျက်သွားတယ်လို့ပြောပါတယ်။
“ ကျနော်မှာဆိုရင် ဧက ၁၀၀ လောက် စိုက်ထားခဲ့တာ။ ၂၅ ရာခိုင်နှုန်းလောက် ရိတ်ထားပြီးပြီ။ ကျန်တာ မုန်တိုင်းကြောင့် အသီးတွေ ကြွေကျပျက်စီးသွားတယ်” လို့ သူကပြောတယ်။
မုန်တိုင်းကြောင့် နွေစပါးခင်းတွေအပြင် အခြားသီးနှံစိုက်ခင်းတွေဖြစ်တဲ့ ကွမ်းသီးခြံ၊ သရက်ခြံ စတဲ့ စိုက်ခင်းတွေ၊ ငရုတ်၊ ခဝဲ၊ ခရမ်း စတဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေလည်း မုန်တိုင်းကြောင့် အများအပြား ပျက်စီးသွားတယ်လို့ ဦးတင်ထွေးက ပြောပါတယ်။
“ ဆန်စပါးအပြင် သီးနှံတွေကတော့ အကုန်လုံးပေါ့။ ဟင်းသီးဟင်းရွက်တို့ ၊ ငရုတ်ခင်းတို့၊ အကုန်လုံး ပျက်စီးသွားတာပေါ့။ ခဝဲတို့၊ ခရမ်းတို့၊ ငရုတ်တို့ပေါ့။ စိုက်ထားသမျှ အပင်တွေ အကုန်လုံး နီးပါး ပျက်စီးသွားတယ်” လို့ သူက ပြောပါတယ်။
စိုက်ပျိုးသီးနှံပင်တွေအပြင် ရခိုင်ပြည်နယ်ရဲ့ အဓိက မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ပုစွန်မွေးမြူရေး ကန်တွေဟာလည်း မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ရတယ်လို့ ကျောက်ဖြူမြို့နယ်က ပုစွန်မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“မြေနိမ့်ပိုင်းမှာရှိတဲ့ ပုစွန်ကန်တွေ၊ ပင်လယ်ကမ်းစပ်နားမှာရှတဲ့ ပုစွန်ကန်တွေ အကုန်ပျက်ကုန်တာပေါ့။ ကုန်းတွင်းပိုင်းက ငါးကန်တွေဘာတွေတော့ နည်းနည်း ထိခိုက်မှုသက်သာတယ်။ အထူးသဖြင့် ပင်လယ်နားက ပုစွန်ကန် တွေ အကုန်ပျက်စီးတယ်။ အရေအတွက်တော့ အသေးစိတ်မသိရသေးဘူး” အထက်ပါ လုပ်ငန်းရှင်က ပြောပြပါတယ်။
မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့အပါအဝင် ပုဏ္ဏားကျွန်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်မြို့နယ်တွေမှာ အခြေခံအဆောက်အုံတွေ အကြီးအကျယ်ပျက်စီးခဲ့သလို ဆက်သွယ်ရေးတွေပြတ်တောက်နေပြီး ကူညီကယ်ဆယ်ရေးနဲ့ နေရာချထားရေးတွေကို ဒီနေ့မှာ ဆက်လက်လုပ်ဆောင်နေပါတယ်။
စကစအစိုးရကတော့ ရခိုင်ပြည်နယ်တစ်ခုလုံးကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသအဖြစ် မနေ့ကတည်းကကြေညာထားပါတယ်။
#Dailynews

