ရန်ကုန် – ၂၀၂၃ ဩဂုတ် ၃၀ (မော်ကွန်း)
MoU နဲ့ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ ငွေလွှဲမှုတွေကို တရားဝင် နှစ်နိုင်ငံဘဏ်တွေကပဲလွှဲရမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပြောဆိုလာပါတယ်။
မနေ့က စစ်ကောင်စီအလုပ်သမားဝန်ကြီး ဦးမြင့်နောင်နဲ့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) တို့ တွေ့ဆုံစဉ် အခုလိုပြောခဲ့တာပါ။
ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ MoU မြန်မာလုပ်သားတွေရဲ့ မိသားစုလွှဲပို့ငွေတွေကို နှစ်နိုင်ငံ ဘဏ်တွေကနေ စနစ်တကျစီးဆင်းစေရေးဆောင်ရွက်ရမယ်လို့ အလုပ်သမားဝန်ကြီးက ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို ပြောကြားခဲ့ပါတယ်။
ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်သူတွေဟာ မိသားစုလွှဲပို့ငွေတွေကို တရားဝင်ဘဏ်တွေက လွှဲပို့တာထက် ဟွန်ဒီငွေလွှဲလုပ်ငန်းတွေကနေတစ်ဆင့်သာ အများစုကပေးပို့နေတာဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“အစိုးရကတော့ နိုင်ငံခြားငွေလိုနေတဲ့အတွက် အခုလိုဘဏ်တွေကလွှဲဖို့ အေဂျင်စီတွေကနေ ဖိအားပေးတာပေါ့၊ တကယ်တမ်းတော့ တရားဝင်ဘဏ်ကလွှဲတာ ပိုစိတ်ချရတာပေါ့၊ ဒါပေမယ့်လည်း စစ်ကောင်စီလက်ထက် ဘဏ်တွေရဲ့ အခြေအနေတွေကြောင့် ဟွန်ဒီတွေကပဲ အလုပ်ဖြစ်နေတာ” လို့ ၎င်းကပြောပါတယ်။
ပြည်ပရောက်အလုပ်သမားတွေအနေနဲ့ ဘဏ်စနစ်ကို လူတိုင်းလက်လှမ်းမမီသေးဘဲ ဟွန်ဒီတွေကနေသာ အလွယ်တကူ ငွေလွှဲပို့နေကြတာဖြစ်တယ်လို့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကိုသားဇော်က ပြောပါတယ်။
“သူတို့က ဘယ်လိုစနစ်နဲ့ ဘဏ်တွေဆီ သွားမယ်မသိဘူး၊ ထိုင်းက အလုပ်သမားတွေဆို အများစုက ဟွန်ဒီတွေနဲ့ပဲလွှဲကြတာများတယ်၊ ဘဏ်ကို သွားဖို့မအားဘူးလေ။ ဟွန်ဒီက အိမ်အထိလာယူတယ်၊ ပို့ပေးတယ်၊ နေရာတိုင်းမှာအလွယ်တကူလွှဲလို့ရနေတော့ အဲ့ဒီလိုပဲလွှဲကြတယ်။ ပြီးတေ့ာ အလုပ်သမားအများစုက ဘဏ်တွေနဲ့ အကျွမ်းဝင်မရှိကြတာလည်းပါတယ်” လို့ သူကပြောပါတယ်
လက်ရှိမှာ မြန်မာနိုင်ငံက ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီ စုစုပေါင်း ၄၅၀ ကျော်က ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေကို နှစ်နိုင်ငံအလုပ်သမားသဘောတူညီမှုစာချုပ် MoU စနစ်နဲ့ အလုပ်သမားစေလွှတ်မှုတွေ ရှိနေတာပါ။
မြန်မာနိုင်ငံက အလုပ်သမားတွေ MoU စနစ်နဲ့ စေလွှတ်မှုကို ပြီးခဲ့တဲ့ ကိုဗစ်ကာလမှာ ရပ်ဆိုင်းထားရက ၂၀၂၂ မေလပိုင်းမှာ ပြန်လည်ပြီး စတင်စေလွှတ်နေတာဖြစ်ပါတယ်။
ပုံစာ – ထိုင်းနိုင်ငံကို MoU စနစ်နဲ့ စေလွှတ်တဲ့ မြန်မာလုပ်သားများကိုတွေ့ရစဉ်
ဓာတ်ပုံ – Myanmar Labour Attache office
#Dailynews

