အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရဖြစ်လာသည်မှာ တစ်နှစ်ကျော်ကြာလာသည့်အချိန်တွင် ၎င်းနှင့်အတူ ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်ခဲ့သော၊ တစ်နည်းအားဖြင့် ဒီမိုကရေစီစနစ် ပီပြင်စွာပေါ်ပေါက်လည်ပတ်နိုင်ရေးအတွက် အင်မတန်အရေးပါသော သတင်းမီဒီယာများကိုကျောခိုင်းစပြုလာနေပြီလားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်လာပါသည်။
ထိုသို့မေးခွန်းထုတ်ရသည့်အကြောင်းများထဲမှတစ်ချက်မှာ သတင်းမီဒီယာသမားများ တရားစွဲဆိုခံနေရခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံနေရခြင်းတို့နှင့်ပတ်သက်ပြီး ကြားဝင်ညှိနှိုင်းဖြေရှင်းပေးခြင်း မရှိသည့်အချက်လည်း ပါဝင်ပါသည်။ ထို့ထက်ပိုမိုဆိုးရွားသည်မှာ NLD အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၏ မှတ်ချက်များသည် ရေနစ်သူ ဝါးကူထိုးသကဲ့သို့ ဖြစ်နေသည့်ကိစ္စပင်ဖြစ်သည်။
နေပြည်တော်သတင်းစာရှင်းပွဲတွင် သတင်းမီဒီယာသမားများ အဖမ်းဆီးခံနေရခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရအနေဖြင့် ယခုကိစ္စကို ကြားဝင်၍ မရကြောင်းနှင့် ကျင့်သုံးနေသည့် ဥပဒေများသည် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီပြောင်းလဲမှုတို့နှင့် မညီညွတ်ပါကပြင်ဆင်ရလိမ့်မည်ဖြစ်ကြောင်း ယေဘုယျသဘောလောက်သာ ပြောဆိုသွားသည်ကို တွေ့ရသည်။ လွတ်လပ်စွာ သတင်းရယူခွင့်နှင့်ပတ်သက်၍မူ တစ်လုံးတစ်ပါဒမျှ ပြောဆိုသွားခဲ့ခြင်း မရှိပါ။
စင်စစ်တွင် တိုင်းပြည်ဒီမိုကရေစီရရှိရေး၊ အာဏာရှင်လက်အောက်မှလွတ်မြောက်ရေး တိုက်ပွဲဝင်ရာတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနည်းတူ သတင်းမီဒီယာသမားများလည်းပုံစံမျိုးစုံဖြင့် ပါဝင်အားဖြည့်ခဲ့ကြပါသည်။ သို့ဖြစ်ရာ သတင်းမီဒီယာများကို မိမိတို့နှင့် တိုက်ပွဲဝင်ဖော်ဝင်ဖက် မိတ်ဆွေအဖြစ် သဘောထားမည်ဆိုလျှင်လည်း ထားနိုင်ပါသည်။
သို့သော် NLD ပါတီ အစိုးရဖြစ်လာချိန်တွင်တော့ မိမိတို့နှင့် တိုက်ပွဲအတူဝင်ခဲ့သူများကို အသိအမှတ်မပြုတော့ရုံမက ရန်သူလိုပင်သဘောထားလာနေပါသည်။ တစ်ဖက်တွင် စဉ်းစားစရာရှိသည်မှာလည်း သတင်းမီဒီယာသမားများက ၎င်းတို့၏ လုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ဝေဖန်စရာရှိသည်များကို ဝေဖန်နေခြင်းအပေါ် မခံယူနိုင်သည့်သဘောလားဟု သံသယဖြစ်စရာပင် ဖြစ်သည်။
အမှန်တွင် ထိုသို့ထောက်ပြဝေဖန်နေခြင်းသည်ပင် သတင်းသမားများသည် သတင်းမီဒီယာအလုပ်ကို လုပ်နေခြင်းသာ ဖြစ်ပါသည်။မည်သည့်အစိုးရတက်တက် ထောက်ပြဝေဖန်စရာရှိသည်များကို ဝေဖန်ရမည်မှာ သတင်းစာဆရာများ၏ လုပ်ငန်းတာဝန်သာ ဖြစ်ပါသည်။ဤအချက်ကိုနားလည်လျှင် မီဒီယာကို ရန်သူအဖြစ် သဘောထားစရာမလိုဘဲ အစိုးရအနေဖြင့် ပိုမိုအလုပ်လုပ်ပြရန်သာ ရှိပါသည်။
တစ်ဖက်တွင် မေးခွန်းထုတ်စရာရှိသည်မှာ NLD အစိုးရသည် တပ်မတော်နှင့် ထိပ်တိုက်တွေ့နိုင်မည့် ကိစ္စမှန်သမျှကို ဝင်မပါဟုဆုံးဖြတ်ထားလေသလား မသိပါ။ ကျွန်ုပ်တို့ မြင်တွေ့နေရသည်ကတော့ အမျိုးသားရင်ကြားစေ့ရေး အကြောင်းပြချက်ဖြင့် တပ်မတော်နှင့် ဆန့်ကျင်ဘက်ဖြစ်မည့် ကိစ္စများတွင် NLD သည် လက်ရှောင်ပြီး ရေငုံနှုတ်ပိတ်နေလေ့ရှိသည်။
ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်များကို ကြည့်မည်ဆိုလျှင်လည်း တပ်မတော်ကို မစည်းရုံးနိုင်ခြင်း၊ သို့မဟုတ် သြဇာမလွှမ်းမိုးနိုင်ခြင်းက ၎င်းတို့ဖော်ဆောင်နေသောအမျိုးသားရင်ကြားစေ့ရေး မည်မျှ အောင်မြင်မှု ရှိ၊ မရှိကို မီးမောင်းထိုးပြရာရောက်နေပါသည်။
NLD အစိုးရသည် တပ်မတော်နှင့် ထိပ်တိုက်တွေ့မည့်ကိစ္စများကို လက်ရှောင်ရင်း အခြေခံကျကျ ပြုပြင်ပြောင်းလဲရမည့် အရာများကို မပြောင်းလဲနိုင်ဖြစ်မည်ကို ကျွနု်ပ်တို့ စိုးရိမ်မိပါသည်။ အထူးသဖြင့် ကျန်ရှိနေသေးသည့် လေးနှစ်မပြည့်တော့သည့် ကာလအတွင်း NLD အစိုးရအနေနှင့် မိတ်ဆွေအသစ်များ တိုးလာအောင် မစွမ်းဆောင်နိုင်သေးခင် ရှိရင်းစွဲမိတ်ဆွေများ မဆုံးရှုံးစေဖို့ သတိထားစေလိုကြောင်း ကျွန်ုပ်တို့မော်ကွန်းက တိုက်တွန်းလိုက်ပါသည်။
၂၀၁၇-ဇူလိုင်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၈)မှ အယ်ဒီတာအာဘော် ဖြစ်ပါသည်။