စစ်ကိုင်း – ၂၀၂၃ ဩဂုတ် ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်ကိုင်း-မြစ်ကြီးနား သံလမ်းပြေးဆွဲနိုင်ဖို့ ပြုပြင်ရေးလုပ်နေပြီး သံလမ်းအနီးအနားရွာတွေကို အခုလ ၁၆ရက်က စတင်ကာ အာဏသိမ်းစစ်တပ်ဟာ စစ်ကြောင်းထိုးတပ်ဖြန့်ထားတာကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်ကိုင်းမြို့နယ် ၊ပဒူကျေးရွာမှာရှိတဲ့ အာဏာသိမ်းစစ်တပ်က သြဂုတ်လ ၁၇ရက်မှာ ခက်ခရွာကနေ စမွန်းရွာနဲ့ သံလမ်းအနီးရွာတွေကို စစ်ကြောင်းထိုး တပ်ဖြန့်လာတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
” သံလမ်းပြုပြင် ရထားပြေးဆွဲဖို့စစ်ကောင်စီဘက်က ကြိုးစားနေတာပါ၊ သံလမ်းပြင်ရာကနေ သံလမ်းဘေးကရွာတွေကိုမီးရှို့နေတာပါ၊ သံလမ်းက စစ်ကိုင်းမြို့မြောက်ဘက်စာရေးရွာနားကစပြီးပြင်လာတာပါ”လို့ သံလမ်းအနီးကျေးရွာတစ်ရွာက ဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့နေ့လည် ၁၂နာရီမှာ ထန်းကြီးရွာကို မီးရှို့ခဲ့ပြီး အခုလ ၂၁ရက်က ကျွန်းဦးတောရွာ၊ ၁၇ရက်ကလည်း စမွန်းရွာတွေကိုမီးရှို့ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ သံလမ်းဘေးကရွာတွေဖြစ်တဲ့ စမွန်း၊ ခက်ခ၊ ကျွန်းဦးတော၊ ထန်းကြီး၊ ပေါက်ကန်ရွာမ၊ ပေါက်ကန်ဘူတာကျေးရွာတွေကို စစ်ကြောင်းထိုးတပ်ဖြန့်ထားတာကြောင့် အဲ့ဒီကျေးရွာတွေကဒေသခံသောင်းချီထွက်ပြေးတိမ်းရှောင်နေရပါတယ်။
” ရထားသံလမ်းက မပြေးဆွဲတာကြာပြီ၊ အာဏာသိမ်းကတည်းက မပြေးတော့တာ၊ ခုအဲဒါကို ပြန်ပြင်နေတာ၊ ဒီဘက်တကြောကနေ သူတို့မြစ်ကြီးနားဘက်ကိုထောက်ပို့ဖို့ပြင်နေတာ”လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဗိုလ်ကျားကြီးအဖွဲ့ခေါင်းဆောင်၊ ဗိုလ်ကျားကြီးကပြောပါတယ်။
အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးလာတာကြောင့် မိုးရေထဲမှာ ဒေသခံတွေထွက်ပြေးနေရတဲ့အတွက် စစ်ရှောင် ၁၀,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ မိုးကာတွေလိုအပ်နေတဲ့အပြင် ဖျားနာသူတွေရှိကာ ဆေးဝါးလည်းအရေးပေါ်လိုအပ်နေတယ်လို့ ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့က တာဝန်ရှိသူ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။
#Dailynews