မုံရွာ – ၂၀၂၃ ဇွန် ၁၃ (မော်ကွန်း)
စစ်ကောင်စီရဲ့ ငါးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုကိုခံနေရပြီး ဘေးလွတ်ရာကိုတိမ်းရှောင်နေရတဲ့ ညောင်ပင်ကြီးကျေးရွာအုပ်စုက ဒေသခံသုံးထောင်ကျော်ဟာ အရေးပေါ်စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ ကူညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူကဒီနေ့ ပြောပါတယ်။
အဲဒီရွာဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရဲ့တစ်ဖက်ကမ်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ရှိပါတယ်။
“ အဓိကတော့ စားနပ်ရိက္ခာပါပဲ။ စစ်ရှောင်စခန်းတွေကလည်း ရေရှည်ကျွေးထားဖို့ဆိုတာ အခက်အခဲ ဖြစ်တယ်ဗျ။ အဲဒါဆိုတော့ အဓိကလိုအပ်ချက်က စားနပ်ရိက္ခာပေါ့” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ညောင်ပင်ကြီးကျေးရွာအုပ်စုက အိုမ၊ ထန်းတောရွာတွေကို ဒီနေ့လယ် ၁၂ နာရီဝန်းကျင်ကမီးရှို့နေတယ်လို့ ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးကလည်း သတင်းထုတ်ပြန်ထားပါတယ်။ မီးရှို့ခံရတဲ့ရွာတွေရဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာကြောင့် လက်ရှိအချိန်ထိမသိရသေးဘူးလို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောပါတယ်။
ဇွန် ၉ ရက်ကတည်းက စစ်ကောင်စီတပ်တွေဟာ ညောင်ပင်ကြီးကျေးရွာအုပ်စုကို မီးရှို့နေခဲ့တာဖြစ်ပြီး အဖမ်းခံထားရသူတွေလည်းရှိကာ ဒီနေ့အထိ ပြန်မလွတ်ကြသေးဘူးလို့ သူတို့အဖွဲ့က ပြောပြပါတယ်။
“ ဖမ်းဆီးခံထားရတဲ့သူက ၁၀ ယောက်ဝန်းကျင်လောက်ရှိတယ်။ အခုချိန်ထိ သူတို့(စစ်ကောင်စီ) စခန်းထဲမှာပေါ့။ ညောင်ပင်ကြီးက စခန်းအသစ်ဆောက်နေတဲ့အထဲမှာ ၁၀ ယောက်ကတော့ မလွတ်သေးဘူးလို့ ကြားတယ်။ သူတို့က မနေ့ကရယ်၊ အရင်တနေ့ကရယ် ဖမ်းခံရတာ” လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူက ပြောပြပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းခွဲကျော်ရှိကာ စစ်ကိုင်းတိုင်းကစစ်ပြေးဒုက္ခသည် ၁ ဒဿမ ၃ သန်းကျော်နဲ့ ထွက်ပြေးရသူအများဆုံးဒေသဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဇွန် ၉ ရက်မှာ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၁၀ ထက်မနည်း သေဆုံးခဲ့ရပြီးနောက် အခုလိုမီးရှို့မှုတွေကို စစ်ကောင်စီဘက်က ပြန်လည်လုပ်ဆောင်နေတာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ပုံစာ-ဒီနေ့မီးရှို့ခံရတဲ့ညောင်ပင်ကြီးကျေးရွာအုပ်စု
Photo – အညာပစ်တိုင်းထောင်လေးများ
#Dailynews

