မန္တလေးမှာ အာဏာသိမ်းစစ်ကောင်စီက ဆိုင်ကယ်တွေကို စစ်ဆေးပြီး ဒဏ်ရိုက် ငွေတောင်း

မန္တလေးမှာ အာဏာသိမ်းစစ်ကောင်စီက ဆိုင်ကယ်တွေကို စစ်ဆေးပြီး ဒဏ်ရိုက် ငွေတောင်း

မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၂၀ (မော်ကွန်း)

မန္တလေးမြို့မှာ ဒီကနေ့ကစပြီး ဆိုင်ကယ်တွေကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံအဖွဲ့တွေပူးပေါင်းပြီး စတင်တင်းကြပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ မနက်ခင်းပိုင်းက စတင်ကာ မန္တလေးမြို့သစ် ၆၂လမ်း၊ ဘူတာကြီးရှေ့၊ ကန်တော်ကြီး၊ တောင်သမန်အင်းကန်ပတ်လမ်း၊ ၆၆လမ်း ၃၂-၃၃ ကြား၊ မေမြို့သံလမ်းအတက် ၆၈လမ်း၊ ၇၃လမ်းNewOcen၊ ၆၈လမ်း မြဝတီမင်းကြီးလမ်း၊ အမရပူရဒေါ်သီ သနပ်ခါးကွေ့၊ မြို့ပတ်လမ်း၃၀နဲ့၃၅လမ်းကြား စတဲ့ မြို့တွင်းမြို့သစ်နေရာစုံမှာ ပိတ်ဆို့စစ်ဆေးနေကြောင်း ဒေသခံများက ပြောပါတယ်။

ဆိုင်ကယ်လိုင်စင်၊ ယာဥ်မောင်းလိုင်စင် သက်တမ်းလွန်မလွန်၊ ဆိုင်ကယ်ဦးထုပ်ဆောင်းမဆောင်းကိုစစ်ဆေးပြီး တချို့နေရာတွေမှာတော့ အမျိုးသားနှစ်ယောက်အတူစီးတာ၊ Mask တပ်တာတွေအစ စစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တစ်ဖွဲ့ကိုတစ်မျိုးစစ်နေတယ်။ ဆိုင်ကယ်လိုင်စင်လူလိုင်စင်တင်မကဘူး Mask တပ်တာကိုကော မတပ်တာကိုပါ ရစ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေလည်းများနေပြီး ချလံဖြတ်ပေးကြောင်း၊ အနည်းဆုံးဒဏ်ငွေသုံးသောင်းမှ သိန်းကျော်အထိပေးဆောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကို ဆိုင်ကယ်တွေနဲ့ မကြာခဏလာရောက်တိုက်ခိုက်နေကြလို့ တင်းကြပ်ခြင်းဖြစ်ကြောင်း မြို့ခံတွေက ထင်မြင်ချက်ပေးပါတယ်။

စစ်ဆေးတဲ့အဖွဲ့တွေထဲမှာ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ စစ်သား၊ ရဲ၊ ယာဥ်ထိန်းရဲ၊ မီးသတ်၊ ထွေအုပ် ဝန်ထမ်းတွေပါဝင်ကြောင်း မြို့ခံတွေကပြောပါတယ်

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအတွင်းနဲ့ နယ်ဒေသတချို့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ဦးမစီးဖို့အပါအဝင် ယာဥ်စည်းကမ်းဥပဒေမှာမပါဝင်တဲ့အချက်တွေနဲ့ စစ်ကောင်စီက ကန့်သတ်ထားပါတယ်။

ပုံစာ – ဒဏ်ရိုက်ခံရသူတစ်ဦးရဲ့ ချလံ
ဓါတ်ပုံ-Cj


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."