ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၂၃ (မော်ကွန်း)
အခုရက်ပိုင်းမှာ မိုးသည်းထန်စွာရွာခဲ့ပြီး ရွှေပြည်သာမြို့နယ်မှာ မကြုံစဖူးရေကြီးနစ်မြုပ်တာကြောင့် နေအိမ် ၃၀ ထက်မနည်း ပျက်စီးကာ လူဦးရေ ၃,၀၀၀ ကျော် ရေဘေးသင့်ခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတချို့ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် ရန်ကုန်မှာ သုံးရက်ဆက်တိုက် မိုးသည်းထန်စွာရွာခဲ့ပြီး ရန်ကုန်မြို့က မြို့နယ်အများအပြားမှာလည်း ရေကြီးနစ်မြုပ်တာတွေ ရှိခဲ့ပါတယ်။
ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက်မှာ နေအိမ်ကိုးလုံး ရေစီးကြောင့် လုံးဝပြိုကျပျက်စီးသွားခဲ့သလို နောက်ထပ်နေအိမ် ၂၀ ကျော်ဟာလည်း လေပြင်းတိုက်ခတ်မှုကြောင့် အမိုးတွေလန်သွားခဲ့တယ်လို့ အဲဒီမှာ ကူညီနေတဲ့ ရွှေမေတ္တာလူမှုကူညီရေးအသင်းက စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဒါ့ပြင် အဲဒီရက်ပိုင်းအတွင်း ရေကြီးနစ်မြုပ်တာကြောင့် ရွှေပြည်သာမြို့နယ်က လူဦးရေ ၃,၀၀၀ ကျော်ဟာ ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ပို့ဆောင်ပေးခဲ့ရပြီး ဒီနေ့မှာတော့ ရေပြန်လည်ကျဆင်းနေပြီလို့ ၎င်းစေတနာ့ဝန်ထမ်းက ပြောပါတယ်။
“တချို့ရပ်ကွက်တွေ ကယ်ဆယ်ရေးစခန်းတွေ ပြန်ပိတ်သိမ်းလိုက်ပါပြီ။ ရေကျန်တဲ့ နေရာတွေတော့ ထမင်းဘူးတွေ လှူတာတွေရှိတယ်။ ရေပြန်ကျပေမယ့် ရွှံ့တွေ၊ နွံတွေ ကျန်ခဲ့တော့ သန့်ရှင်းရေးတွေ ဆက်လုပ်နေတယ်” လို့ ၎င်းက ပြောပါတယ်။
ဒါ့ပြင် နေအိမ်လုံးဝ ပြိုကျပျက်စီးသွားတဲ့ အိမ်ထောင်စုတွေအတွက်လည်း နေအိမ်ပြည်လည်တည်ဆောက်ဖို့ အလှူငွေကောက်ခံပြီး ကူညီပေးနေတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရွာသွန်းခဲ့တဲ့မိုးကြောင့် ရွှေပြည်သာအပြင် ရန်ကုန်မြို့တွင်းက ကားလမ်းတွေ၊ လူနေရပ်ကွက်တွေမှာ အခုလ ၂၁ ရက်ကစပြီး ရေကြီးနစ်မြုပ်တာတွေ၊ ကားလမ်းပိတ်ဆို့တာတွေဖြစ်ပေါ်ခဲ့ပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံကို မဝင်ရောက်နိုင်တာကြောင့် အဝါရောင်အဆင့်ပဲ သတ်မှတ်ထားပြီး ဒီနေ့လယ်ပိုင်းတိုင်းတာချက်အရ မြန်မာ့ကမ်းရိုးတန်းနဲ့ အနောက်မြောက်ဘက် အိန္ဒိယနိုင်ငံဘက်ကို ရွေ့လျားနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့ပြင် ဒီမုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မြစ်ချောင်းအနီး နေထိုင်သူတွေ သတိပြုရှောင်ရှားကြဖို့လည်း မိုးဇလက အသိပေးထားတာပါ။

ပုံစာ – ရွှေပြည်သာမြို့နယ်က နေအိမ်တွေ ပျက်စီးနေတဲ့မြင်ကွင်း
ဓာတ်ပုံ – Shew lei
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

