မန်ကျည်းတုံသို့ အလည်တစ်ခေါက်

မန်ကျည်းတုံသို့ အလည်တစ်ခေါက်

၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Remembrance ဖြစ်ပါသည်။

သန်းနိုင်ဦး ရေးသည်။

                                  မြန်မာစာပေရဲ့ ပထမဆုံး ဝတ္တုတိုကို ပုံနှိပ်စာလုံးအဖြစ် ဖော်ပြခံခဲ့ရတာ နှစ် ၁၀၀ တင်းတင်း ပြည့် မြောက်ခဲ့ပါပြီ။ သုတေသီတွေရဲ့ အဆိုအရ မြန်မာ့ပထမဆုံးဝတ္တုတိုကဆရာကြီးရွှေဥဒေါင်းရဲ့   “မောင် သိန်းတင် မသိန်းရှင်” ဝတ္တုတိုဖြစ်ပြီး ၁၉၁၇ မတ် ထုတ် သူရိယမဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့တာဖြစ်ပါ တယ်။ ဝတ္တုတိုဖန်တီးရှင် ဆရာကြီး ရွှေဥဒေါင်းက ဆာအာသာကိုဒင်နွိုင်းရဲ့ စုံထောက်ရှားလော့ဟုမ်းကို စုံထောက် မောင်စံရှား (နောင်အခါ စုံထောက် ဦးစံရှား)အဖြစ် မြန်မာစာဖတ်ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့သူ ဖြစ်တယ်။ ဆရာကြီး ရေးခဲ့တဲ့ တစ်သက်တာမှတ်တမ်း ကိုယ်ရေးအတ္ထုပ္ပတ္တိက မြန်မာစာရေးထုံးမှာ စံပြု လောက်တဲ့ စကားပြေရေးထုံး ဖြစ်တယ်လို့ ပညာရှင်တွေက ပြောစမှတ်ပြုရသူဖြစ်တယ်။ ၁၉၄၆ မှာ မန္တလေးမြို့က ထုတ်ဝေတဲ့ လူထုသတင်းစာမှာ အယ်ဒီတာချုပ် လုပ်ခဲ့ပါသေးတယ်။

                               ဆရာကြီးရွှေဥဒေါင်းရဲ့ ဇာတိချက်ကြွေမွေးရပ်မြေက မန်ကျည်းတုံရွာ ဖြစ်တယ်။ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းမှာ တည်ရှိတဲ့ အညာကျေးလက်ဒေသပါ။ မန်ကျည်းတုံရွာ မသွားမီ တစ်ရက်အလိုမှာ စာရေးဆရာ ညီပုလေးနဲ့ ဆုံဖြစ်တယ်။ မကြာခဏ ခရီးထွက်လေ့ရှိတဲ့ ကျွန်တော့်ကို ဆရာညီပု လေးက တွေ့တွေ့ချင်း ဘယ်မှ မသွားဘူးလားလို့ မေးခွန်းနဲ့ နှုတ် ဆက်တယ်။ မန်ကျည်းတုံကို သွားဖို့ရှိကြောင်း ပြောတော့ မန်ကျည်းတုံရဲ့ လူမှုစီးပွားအခြေအနေလေး တီးခေါက်ခဲ့ဖို့ မန်ကျည်း တုံရွာရဲ့ လိုအပ်ချက်တွေ မေးမြန်းခဲ့ဖို့ စကားလက်ဆောင်ပါးတယ်။ မန်ကျည်းတုံရွာကို လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က ခရီးသွား ဟန်လွှဲ ဖြတ်သွားဖြတ်လာ ရောက်ဖူးတယ်။ ရှိမ္မကားကျေးရွာက အပြန် မန်ကျည်းတုံရွာကို ခဏတဖြုတ် ဝင်ရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီခရီးစဉ်မှာ မန္တလေးမြို့ခံ စာရေးဆရာတွေ ဖြစ်တဲ့ ညီပုလေး၊ ကျော်ရင်မြင့်နဲ့ သင့်နော်တို့အပြင် ရန်ကုန်မြို့က တော်ဝင်နှင်းဆီ ဦးစိုးညွန့်လည်း ပါခဲ့တာ အမှတ်ရမိတယ်။

                              မန်ကျည်းတုံကို ၂၀၁၈ ဇန်နဝါရီ ဒုတိယပတ်မှာ သွားဖြစ်ပါ တယ်။ အညာဆောင်းရဲ့ ရာသီဥတုက အေးနေလို့ ဆိုင်ကယ်ကို ဖြည်းဖြည်းမှန်မှန်ပဲ မောင်းပါတယ်။ မန်ကျည်းတုံက မန္တလေး-ရွှေ ဘိုကားလမ်းနံဘေး လှတောရွာရဲ့ အရှေ့တောင်ယွန်းယွန်း လေး မိုင်အကွာ ဝက်လက်မြို့ရဲ့ အနောက်ဘက် တစ်မိုင်အကွာမှာ တည်ရှိတယ်။ လှတောရွာကမန္တလေး-ရွှေဘိုကားလမ်း မိုင်တိုင် အမှတ် ၅၆ မှာ ရှိပါတယ်။ လှတောရွာက လမ်းဆုံရွာ ဖြစ်လို့ စည် ကားတယ်။ လှတောရွာရဲ့ မြောက်ဘက်ကို ဆက်သွားရင် ရွှေဘို၊ တောင်ဘက်ကို သွားရင်မန္တလေး၊ အရှေ့သွားရင် လှတော-ဝက်လက်-သစ်ဆိမ့်ကြီးကို ရောက်ပါတယ်။ မန်ကျည်းတုံက လှတော- ဝက်လက်-သစ်ဆိမ့်ကြီးလမ်းပေါ်က ကုန်းခေါင်ခေါင် အညာရွာ ဖြစ်ပါတယ်။ မန္တလေးမြို့ အနောက်ဘက် မိုင် ၆၀ လောက်အကွာ မှာ မန်ကျည်းတုံရွာ တည်ရှိပါတယ်။

photo-than Naing Oo
ဆရာကြီးရွှေဥဒေါင်း အမှတ်တရကျောက်တိုင်မှာ ရေးထိုးထားတဲ့ကျောက်စာ

 

                                       မန္တလေး-ရွှေဘိုလမ်းက ကောင်းပေမယ့် လှတောက မကျည်းတုံကို သွားတဲ့လမ်းက အခုမှ ပြင်နေတုန်း ရှိသေးတယ်။ ကျွန်တော်သွားမယ့် မန်ကျည်းတုံက လှတော-ဝက်လက်-သစ် ဆိမ့်ကြီးလမ်းပေါ်က ရွာဖြစ်ပါတယ်။ လှတောရွာလွန်တော့ ပင်ဇင်းရွာကို ရောက်တယ်။ ပင်ဇင်းက ရွာကြီးတစ်ရွာပါ။ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)က ကားလမ်းနံဘေးမှာ ရှိပြီး ကျယ်ဝန်းတဲ့ ကျောင်းကြီး ဖြစ်တယ်။ ကျောင်းအုတ်တံတိုင်း အလှူရှင်က အားကစားဝန်ကြီးဟောင်း သူရဦးအေးမြင့် ဖြစ် တယ်။ အလှူကမ္ပည်းကို တံတိုင်းကြီးပေါ်မှာ ထင်းခနဲ ရေးထိုး ထားလို့ အဝေးက မြင်နိုင်တယ်။ ပင်ဇင်းရွာသားဖြစ်ပုံရတဲ့ ဝန် ကြီးဟောင်းက မိခင်ပါတီရဲ့ စစ်ကိုင်းတိုင်း တာဝန်ခံဖြစ်ကြောင်း ဂုဏ်ယူစွာ ရေးထိုးထားတယ်။ လှတောသားတွေ စကား ငှားသုံး ရရင် ငါတို့ရွာသား ဝန်ကြီးဖြစ်တော့ ရွာကျောင်းအုတ်တံတိုင်း ဟည်းထအောင် ဆောက်ပြီး ကမ္ပည်းထိုး လှူတာပေါ့တဲ့။

                                     ပင်ဇင်းရွာအလွန်မှာ ဆရာကြီးရွှေဥဒေါင်းရဲ့ ဇာတိချက် ကြွေမွေးရပ်မြေ မန်ကျည်းတုံရွာကို ရောက်ပါတယ်။ ပင်ဇင်းနဲ့ မန်ကျည်းတုံရွာကြား လှတော-ဝက်လက်လမ်းက ထနောင်းပင် တွေ ကားလမ်းမပေါ် အုပ်မိုးနေပြီး အညာဆန်ဆန် လှပနေတယ်။ ဓာတ်မြေသြဇာ ကြော်ငြာတွေကို လမ်းတစ်လျှောက် ခပ်စိပ်စိပ် တွေ့ရတယ်။ လယ်ကွက်တွေမှာ စပါးတွေ ရိတ်သိမ်းနေတဲ့ ရိတ် သိမ်းခြွေလှေ့စက်တွေက လယ်ကွင်းတွေထဲမှာ ကဏန်းဝါဝါကြီး တွေလိုပဲ။ ကောက်လှိုင်းအချို့ ကားလမ်းနံဘေးမှာ ပုံထားကြ တယ်။ ကားလမ်းနံဘေးက လယ်ကွက်တွေမှာ ကောက်စိုက်သမ အချို့ ကောက်ရိတ်နေတာ ရှိသလို ကောက်စိုက်သမအချို့ အိမ်က ယူလာတဲ့ ထမင်းထုပ်တွေ ဖြေစားနေတာလည်း တွေ့ရတယ်။

photo-than Naing Oo
မန်ကျဉ်းတုံရွာ အလက ကျောင်းခွဲအတွင်းက ဆရာကြီးရွှေဥဒေါင်း အမှတ်တရကျောက်တိုင်

                                        မန်ကျည်းတုံရွာအဝင်မှာ ဆည်လက်တံမြောင်းတစ်ခုကို  ဖြတ်ကျော်ရတယ်။ မန်ကျည်းတုံက ဆည်ရေသောက်ဧရိယာပါ။ မုဆိုးခြုံလက်တံမြောင်း၊ လှတောလက်တံမြောင်းတွေက မန် ကျည်းတုံရွာကို ဝန်းရံထားတယ်။ သဖန်းဆိပ်ဆည်ရဲ့  လက်တံ မြောင်းတွေက မန်ကျည်းတုံအထိ လက်တံရှည်တယ်။ သဖန်းဆိပ် နဲ့ မန်ကျည်းတုံက မိုင် ၈၀ ကျော် ကွာဝေးပါတယ်။ မြောင်းပေါင် မှာ မူးကြီးရွာသို့ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်တစ်ခု စိုက်ထူထားပါ တယ်။ ရွာအဝင် မြောင်းပေါင်အနီးမှာ ဆိုင်ကယ်ဝပ်ရှော့ ဆိုင် တစ်ဆိုင် ဖွင့်လှစ်ထားတာ တွေ့ရပါတယ်။

                                        မန်ကျည်းတုံရွာက ကားလမ်းဝဲယာမှာ တည်ရှိတယ်။ လမ်း ရဲ့ တောင်ဘက်အခြမ်းကို တောင်ရွာလို့ ခေါ်ကြပြီး လမ်းမြောက် ဘက်က အခြမ်းကို မြောက်ရွာလို့ ခေါ်တယ်။ ပေ ၂၀ လောက် ကျယ်တဲ့ ချောင်းရိုးလေးက ရွာကို ကန့်လန့်ဖြတ် စီးဆင်းနေပြီး ချောင်းကူးတံတားကို ကွန်ကရစ်နဲ့ အခိုင်အမာ ဆောက်လုပ်ထား တယ်။ ဆောင်းကာလမို့ ချောင်းရေပါးတယ်။ ချောင်းထဲမှာ ငါး လေးတွေ ကူးနေတာကို ချောင်းကူးတံတားပေါ်ကနေ မြင်နေရ တယ်။ ချောင်းကူးတံတားအကျော်မှာ မန်ကျည်းတုံ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)က ကားလမ်းမရဲ့ မြောက်ဘက် ခြမ်း (မြောက်ရွာအပိုင်)မှာ ဘွားခနဲ မြင်တွေ့ရမှာပါ။ ကျောင်းဝင်း အတွင်း အင်္ဂါထောင့် (အရှေ့တောင်ထောင့်) မှာ ရွာ့ကျက်သရေ ရွှေဥဒေါင်းစာကြည့်တိုက်လေး ရှိပါတယ်။

photo-than Naing Oo
မန်ကျဉ်းတုံရွာက စပါးခင်း

                                  ရွှေဥဒေါင်းစာကြည့်တိုက်က တစ်ထပ်အုပ်ကာ သွပ်မိုး အဆောက်အအုံဖြစ်ပြီး ၂၀၁၁ ဇန်နဝါရီ ၁ ရက်က ဖွင့်လှစ်ခဲ့တာ ပါ။ စာကြည့်တိုက်အတွင်းမှာ ထမင်းစားကျောင်းဆင်းချိန်မို့ မန် ကျည်းတုံကျောင်းက ကျောင်းသူ၊ ကျောင်းသားတွေ စာအုပ် ကိုယ်စီ ဖတ်နေကြတယ်။ စာကြည့်တိုက်နဲ့ လမ်းမကြားမှာ မြောင်းတစ်ခု ခြားနေပြီး သစ်သားတံတား ခင်းထားတယ်။ စာ ကြည့်တိုက်ထဲမှာ ဆရာကြီးရွှေဥဒေါင်းရဲ့ ဓာတ်ပုံတွေ ချိတ်ဆွဲ ထားပြီး စာအုပ်ဗီရိုတွေထဲမှာလည်း စာအုပ်တွေ အပြည့်ပါပဲ။ စာ ကြည့်တိုက်အတွင်းက စားပွဲခုံပေါ်မှာတော့ အပတ်စဉ်ထုတ် ဂျာ နယ်တွေကို စနစ်တကျ တပ်ထားပါတယ်။ အညာကျေးလက်က ရွာစာကြည့်တိုက်လေးမှာ စာဖတ်သူတွေနဲ့ စည်ကားနေတာ ဝမ်း သာစရာကောင်းတယ်။ စာအုပ်စာတမ်းတွေလည်း အသင့်အတင့် စုံစုံလင်လင် တွေ့ရတယ်။

                                 ရွှေဥဒေါင်းစာကြည့်တိုက်ရဲ့ စာကြည့်တိုက်မှူးက မန် ကျည်းတုံရွာသား ဦးအောင်ငွေပါ။ သူက မိရိုးဖလာ တောင်သူ လုပ်ငန်း လုပ်ကိုင်ရင်း စေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူးတာ ဝန် ပူးတွဲယူထားသူ ဖြစ်တယ်။ အသက် ၆၀ လောက် ရှိနေပေမယ့် ဦးအောင်ငွေကို ကြည့်ရတာ ပင်ပန်းနွမ်းနယ်တဲ့ ဟန် မတွေ့ရဘဲ လူငယ်တစ်ယောက်လို သွက်လက်နေတယ်။ ကျွန်တော် သိချင် တဲ့ မန်ကျည်းတုံရွာရဲ့ လူမှုစီးပွား အခြေအနေတွေကို သူက စိတ် လိုလက်ရ ပြောပြတယ်။

                             ““ကျွန်တော်တို့ရွာ (မန်ကျည်းတုံ) က ဝက်လက်မြို့နယ် အတွင်းမှာ စာတတ်မြောက်မှု အမြင့်ဆုံးပဲ။ အခု ဒီစာကြည့်တိုက် မှာ အပတ်စဉ်ဝယ်တဲ့ ဂျာနယ်က သူရိယနေဝန်း၊ ရွှေသွေး၊ ယဉ် ကျေးလိမ္မာ ဂျာနယ်တွေ ဝယ်တယ်။ အခု ရွှေသွေးနဲ့ ယဉ်ကျေး လိမ်္မာဂျာနယ် အပတ်စဉ် ဝယ်လှူတဲ့ အလှူရှင်တွေက ရပ်ထား တယ်။ စာအုပ်ငှားခက တစ်အုပ်ကို ကျပ် ၁၀၀ ယူတယ်။ ဖတ်ပြီး တဲ့ အချိန်မှ ပြန်အပ်ရက်လွန်ကြေး မယူဘူး။ စာကြည့်တိုက်က ဘတ်ဂျက်နည်းတော့ စာအုပ်အသစ် ဝယ်မဖြည့်နိုင်ဘူး။ ကျွန် တော်က လစဉ်ထုတ် မဂ္ဂဇင်း နှစ်အုပ်၊ သုံးအုပ်လောက် တင်ချင် သေးတာ။

                             ““မန်ကျည်းတုံရွာက စပါးစိုက်ဧရိယာ များတယ်။ မနှစ်က  စပါးတင်း ၁၀၀ ကို ၁၂ သိန်းလောက်အထိ ရကြတယ်။ စပါးရိတ် မယ့်သူ ရှားလာလို့ စပါးရိတ်စက် ငှားပြီး ရိတ်ကြရတယ်။ အဓိက ဘေးကြားစပါးကို စိုက်ကြတာ များတယ်။ စပါးရိတ်မယ့်သူတွေ က သခွားခင်းတို့၊ ဖရဲခင်းတို့ဆီ ပါသွားကြတာ။ စပါးရိတ်စက်က တစ်ဧက ကျပ် ၆၀,၀၀၀ လောက် ပေးကြရတယ်။ (သခွားနဲ့ ဖရဲ ကို တရုတ်ကုန်သည်တွေက မြေငှားရမ်းစိုက်ပျိုးပြီး တရုတ်ပြည် ကို တင်ပို့ပေးနေကြတာပါ။)

photo-than Naing Oo
ထမင်းစားကျောင်းဆင်းချိန်တွင် ရွှေဥဒေါင်းစာကြည့်တိုက်အတွင်းကလေးများစာဖတ်နေကြပုံ

                                   ““ကျွန်တော်တို့ မန်ကျည်းတုံရွာက ဝက်လက်နဲ့ တစ်မိုင် လောက် ဝေးသေးတယ်။ လှတောနဲ့တော့ ငါးမိုင်ပျော့ပျော့ လောက် ဝေးမယ်။ ရွာမှာက အလယ်တန်းကျောင်းပဲ ရှိတော့ အထက်တန်းတက်ချင်ရင် ဝက်လက်မှာ သွားတက်ကြရတယ်။ ရွာမှာ ကုန်စုံဆိုင်လေးတွေ ရှိပေမယ့် မြို့နဲ့ နီးတော့ သိပ်ကြီးကြီး မားမားတော့ မရှိဘူး။ လျှပ်စစ်မီးကတော့ ၂၀၁၄ မှာ ရတယ်။ ၂၀၁၅ လောက်မှာ လူမှုကူညီရေးအသင်း ဖွဲ့နိုင်ခဲ့ပြီး လူနာတင် ယာဉ် (စူပါကပ်စတန်) တစ်စီး ရှိတယ်။ (လူမှုကူညီရေးအသင်းရဲ့ အမည်က သြဒိသ ဖြစ်ပြီး ကားမှာ အသင်းအမည်ကို စတစ်ကာနဲ့ ရေးထိုးထားပါတယ်။) ကျန်းမာရေးမကောင်းလို့ မြို့ဆေးရုံတက် ဖို့ လိုရင် လူနာတင်ယာဉ်နဲ့ လိုက်ပို့ကြတယ်။ ဝက်လက်၊ ရွှေဘို ပို့ ရတဲ့အခါလည်း ရှိသလို မန္တလေးအထိ ပို့ရတဲ့အခါလည်း ရှိတယ်။ ရွာမှာ ဘုန်းတော်ကြီးကျောင်းလည်း ရှိတယ်””

                                 ကျွန်တော်နဲ့ ဦးအောင်ငွေ စာကြည့်တိုက်အတွင်း စကား စမြည် ပြောနေတုန်းမှာပဲ စာအုပ်ငှားမယ့် ကျောင်းသူတစ် ယောက်က သူငှားချင်တဲ့ စာအုပ် ရှိ၊ မရှိ မေးပါတယ်။ ဦးအောင် ငွေက ကျွန်တော်နဲ့ စကားပြောတာ ခဏရပ်ပြီး ကျောင်းသူလေး လိုချင်တဲ့စာအုပ် ရှာပေးတယ်။ စာကြည့်တိုက်ထဲက ဗီရိုတွေမှာ  အလှူရှင်တွေရဲ့ အမည် ရေးထိုးထားတယ်။ မြန်မာနိုင်ငံ စာကြည့် တိုက်ဖောင်ဒေးရှင်းက လှူဒါန်းထားတဲ့ ဗီရိုတွေလည်း ပါသလို ရန်ကုန်မြို့က သတင်းစာဆရာကြီး လူထုစိန်ဝင်း မိသားစုက လည်း စာအုပ်ဗီရို လှူဒါန်းထားတာ တွေ့ရတယ်။

                               မန်ကျည်းတုံရွာက တယ်လီနောနဲ့ အမ်ပီတီဖုန်းလိုင်းတွေ ဆက်သွယ်လို့ ရပါတယ်။ ရွာခံဘွဲ့ရ လူငယ်အချို့ ပညာရေးဝန် ထမ်းအဖြစ် ကျောင်းဆရာ၊ ဆရာမ လုပ်ကိုင်ကြတာ ရှိပါတယ်။ ရွာကျောင်းမှာပဲ ရွာခံ ဆရာ၊ ဆရာမတွေ လေး ငါးယောက် ရှိနေ ပါတယ်။ စာသင်ကျောင်းဝင်းအတွင်းမှာ ဆရာကြီးရွှေဥဒေါင်း အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူထားပြီး သံပန်း ကာရံထား ပါတယ်။ ကျောက်တိုင်ရဲ့ အမြင့်က လက်ခုပ်တစ်ဖောင်ကျော် လောက်သာ မြင့်ပြီး မျက်နှာစာလေးဖက် ပါဝင်ပါတယ်။ ကျောက် တိုင်အခြေမှာ တစ်ပေပတ်လည်ရှိတဲ့ စကျင်ကျောက်ပြားပေါ်မှာ စာရေးဆရာ၊ သတင်းစာဆရာ ရွှေဥဒေါင်းဆိုပြီး ကျောက်စာ ရေးထိုးထားတယ်။ ကျောင်းဆင်းချိန်မို့ ကျောက်တိုင်အနီးက ကုက္ကိုပင်ခြေမှာ ကျောင်းသူအချို့ နားနားနေနေ ထိုင်နေကြတယ်။

                                      စာသင်ကျောင်းနဲ့ ဓားလွယ်ခုတ်မှာ ကျေးရွာအုပ်ချုပ်ရေး မှူးရုံး ရှိပါတယ်။ ရုံးရှေ့မှာ မန်ကျည်းတုံရွာရဲ့ လူဦးရေနဲ့ အိမ် ထောင်စုစာရင်းကို ကြေညာထားတယ်။ စာရင်းအရ မန်ကျည်းတုံ ရွာမှာ အိမ်ခြေ ၂၄၃၊ အိမ်ထောင်စု ၂၆၇၊ လူဦးရေ ၁၀၀၂၊ ရွာ အကျယ်အဝန်း ၅၃ ဧကလို့ ဖော်ပြထားတယ်။ ကျွန်တော် အညာ ရွာတွေ ရောက်တိုင်း လက်ဖက်ရည်ဆိုင် ထိုင်လေ့ရှိတယ်။ လက် ဖက်ရည်ကို အရသာခံ သောက်ချင်တာထက် လက်ဖက်ရည်ဆိုင် မှာ ရွာခံအချင်းချင်း လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ပြော နေတဲ့ အသံတွေကို အရင်းအတိုင်း ကြားချင်တာလည်း ပါတယ်။ လက်ဖက်ရည်ဆိုင်ဆိုတာ ဘုံရိပ်သာ မဟုတ်လား။ လက်ဖက်ရည် ဆိုင်က အသံတွေမှာ ဘာအခုအခံမှ မပါဘူး။ စိတ်လွတ်ကိုယ်လွတ် ပေါ့ပေါ့ပါးပါး ပြောနိုင်တယ် မဟုတ်လား။ လက်တံမြောင်းထဲ ရေ မရောက်တဲ့အကြောင်းလည်း ပါနိုင်တယ်။ စပါးဈေး၊ နှမ်းဈေး မကောင်းလို့ အလှူအတန်းနည်းတာလည်း ပါနိုင်တယ်။ ရွာဘုန်း တော်ကြီးကျောင်းမှာ သီတင်းသုံးသံဃာ နည်းတဲ့အကြောင်း လည်း ပါကောင်းပါနိုင်တယ်။ ဒါကြောင့်လည်း မန်ကျည်းတုံ ရောက်တုန်း လက်ဖက်ရည်ဆိုင် ရှိ၊ မရှိ ဦးအောင်ငွေကို မေးခွန်း ထုတ်တယ်။ မန်ကျည်းတုံရွာမှာ လက်ဖက်ရည်ဆိုင် နှစ်ဆိုင် ရှိပါ တယ်။ ဒါပေမဲ့ လက်ဖက်ရည်ဆိုင် ထိုင်ချင်တဲ့ ကျွန်တော့်ဆန်္ဒ မပြည့်ဝခဲ့ဘူး။ မန်ကျည်းတုံလက်ဖက်ရည်ဆိုင်တွေက နေ့လယ် ၁၂ နာရီအထိသာ ဖွင့်လှစ်ရောင်းချတာမို့ပါ။ ၁၂ နာရီကျော်ရင် လက်ဖက်ရည်ဆိုင်တွေ ပိတ်ကြပါသတဲ့။

photo-than Naing Oo
မန်ကျဉ်းတုံရွာသို့သွားရာလမ်း

                                     မန်ကျည်းတုံရွာမှာ ကျေးရွာမီးသတ်တပ်ဖွဲ့ ဖွဲ့စည်းထားပါ တယ်။ ရွာခံလူငယ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ရွာအတွင်း ဝင်တဲ့ လမ်းတွေကို ၂၀၁၆ မှာ ကျောက်လမ်းခင်းနိုင်ခဲ့ပါပြီ။ ရွာအဝင် လမ်းထိပ်တွေမှာ သံပန်းတံခါး အခိုင်အမာ တပ်ဆင်ထားကြ တယ်။ အရင်က မိုးရွာရင် ရွာအဝင်လမ်းတွေက ရွှံ့တွေ၊ ဗွက်တွေ ရှိခဲ့ပေမယ့် ဒီနှစ်မိုးတွင်း ရွှံ့ ဗွက်တွေ မထခဲ့ပါဘူး။ ရွာမှာရှိတဲ့ အိမ် တွေက နှစ်ထပ်အိမ်တွေ များပြီး ကားလမ်းဝဲယာမှာ ကုန်စုံဆိုင် အချို့ ဖွင့်ထားကြတယ်။ အရင်က လယ်ထဲ ကိုင်းထဲ ဆင်းလုပ်ကြရ လို့ ပိုးထိ (မြွေကိုက်) လူနာ များပေမယ့် ဒီဘက်နှစ်တွေမှာ ပိုးထိ လူနာ သိပ်မရှိတော့ဘူး။ မြွေဖမ်းပြီး အသက်မွေးဝမ်းကျောင်းကြ သူတွေ များလာလို့ ဖြစ်နိုင်သလို စပါးရိတ်ချိန်မှာ ရိတ်သိမ်းခြွေ လှေ့စက်တွေ ငှားရမ်းရိတ်ကြတာကြောင့်လည်း ပါတယ်။ မန် ကျည်းတုံက ကုန်စုံဆိုင်တွေမှာ ဓာတ်ဆီ ရောင်းချပေးနေတာ လည်း တွေ့ရပါတယ်။ မန်ကျည်းတုံရွာမှာ အရက်ဆိုင် မတွေ့ ခဲ့ရ ဘူး။ ရွာသားတွေ အရက်သောက်ချင်ရင် ဘယ်လိုလုပ်ကြမလဲဆို တဲ့ မေးခွန်းကို ဦးအောင်ငွေက အခုလို အဖြေပေးတယ်။

                                    ““အရက်သောက်ချင်ရင် အရက်ရောင်းတဲ့ဆီ သွားဝယ်ပြီး သောက်မှာပေါ့””တဲ့။ မြန်မာနိုင်ငံတစ်ဝန်းက ကုန်စုံဆိုင်တွေမှာ အရက်မျိုးစုံကို ရောင်းချနေတာ ဆယ်စုနှစ်ချီ ကြာခဲ့ပါပကော။ မန်ကျည်းတုံရွာသားတွေမှာ တောင်သူလုပ်ကိုင်ကြသူတွေက အများစုပါ။ မနှစ်က ပိုးဖျက်ခဲ့ပြီး ဒီနှစ် မိုးဖျက်ခဲ့ပါသတဲ့။ အခါမဲ့မိုး က ကောင်းလွန်းတော့ စပါးတွေ ရင့်မှည့်ချိန် ရောက်ပါမှ မိုးမိပြီး ရေမြုပ်ကုန်တယ်။ နိုင်ငံရေး ခြေခင်းလက်ခင်း သာချိန်မှာ မန် ကျည်းတုံက ရာဇဝင်ထဲမှာ အိပ်မောကျမနေခဲ့ဘူး။ ၂၀၁၀ အထိ ရွာမှာ ပြည်ခိုင်ဖြိုးပါတီတစ်ခုပဲ ရှိခဲ့ပေမယ့် ၂၀၁၅ အရောက်မှာ တော့ အင်န်အယ်လ်ဒီပါတီလည်း ရှိလာပါပြီ။ မန်ကျည်းတုံရွာက ပြန်ခါနီးမှာ ရွာရဲ့ လိုအပ်ချက်က ဘာလဲလို့ ကျွန်တော် မေးခွန်း ထုတ်လိုက်တယ်။ ကျွန်တော့်မေးခွန်းကို ချက်ချင်းမဖြေသေးဘဲ သေချာစဉ်းစားပြီးမှ ဦးအောင်ငွေက အခုလို အဖြေပေးပါတယ်။

                                      ““စာကြည့်တိုက်လေးတော့ ရေရှည်တည်တံ့စေချင်တယ် ဗျာ။ ကျွန်တော်တို့ရွာက အင်ဂျင်နီယာတွေလည်း ထွက်ခဲ့တယ်။ ပညာရေးဝန်ထမ်းတွေလည်း ထွက်ပါတယ်။ အမတ်ကြီး ဦးမြတ်စံ လို လက်ဝဲသုန်္ဒရလည်း ထွက်ခဲ့တယ်။ စာရေးဆရာ ရွှေဥဒေါင်းလို ဦးဖေသိန်းလည်း ထွက်ခဲ့တယ်။ ရွှေဥဒေါင်းရွာက စာရေးဆရာ မထွက်သေးဘူး။ စာရေးဆရာ ထွက်စေချင်တယ်””

  • #mawkun
  • #magazine
  • #chronicle



 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."