ဇူလိုင်လထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၅)မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။
မောင်ဥယျာဉ် ရေးသည်။
စားသောက်ဖွယ်ရာ တစ်ခုခု၊ လူသုံးကုန်ပစ္စည်း တစ်ခုခုထည့်ဖို့အတွက် အသုံး တည့်တဲ့ပစ္စည်းကိုပြောပါဆိုရင် ကြွပ်ကြွပ်အိတ်ကိုသာ လက်ညှိုးထိုးရပါလိမ့်မယ်။ ကြွပ်ကြွပ်အိတ်ရဲ့ အသုံးဝင်ပုံကလည်း ကြောက်ခမန်းလိလိမဟုတ်လား။ စားစရာ၊ သောက်စရာ အပူထည့်လည်း ရတယ်၊ အအေးထည့်လည်း အဆင်ပြေတယ်။ အဝတ်အထည်ရောင်းသူကလည်း ကြွပ်ကြွပ်အိတ်ကို သုံးသလို စာရေးကိရိယာ ဆိုင်တွေကလည်း ကြွပ်ကြွပ်အိတ်ကို သုံးကြရတယ်။ လူသုံးကုန်ပစ္စည်း ရောင်းသူ တွေ၊ အလှကုန်ပစ္စည်းရောင်းသူတွေ၊ ဆေးဝါးရောင်းချသူတွေအားလုံးဟာလည်း ကြွပ်ကြွပ်အိတ်ကို မသုံးမဖြစ် သုံးနေကြရတယ်။ ယုတ်စွအဆုံး ဘတ်စ်ကားစီးရင်း နဲ့ ကွမ်းတံတွေး ထွေးချင်ရင်တောင် စပယ်ယာဆီမှာ ကြွပ်ကြွပ်အိတ်ကို တောင်း ယူနေကြရတဲ့အထိ ကြွပ်ကြွပ်အိတ်က ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အရေးပါ လှတယ်။
ကြွပ်ကြွပ်အိတ်ဟာ (ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ် စေ) ကျွန်တော်တို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လို့နေတယ်။ မြို့ပြ မှာနေတဲ့သူလည်း ကြွပ်ကြွပ်အိတ်ကို နေ့စဉ်နဲ့အမျှ သုံးနေရသလို ကျေးလက်လူမှုဘဝမှာလည်း ကြွပ်ကြွပ်အိတ်ဟာ နေ့စဉ် မပါ မဖြစ် ပါနေရတယ်။
အသုံးတည့်လှတဲ့ ဒီကြွပ်ကြွပ်အိတ်တွေရဲ့ သက်တမ်းက သက်တမ်းအလွန်မများသေးဘူး။ ဆယ်စုနှစ်သုံးစုစာလောက် သာ ရှိသေးတာပါ။ လူတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အရေးပါနေ တယ်ဆိုပေမယ့် စိတ်ချလက်ချ ယုံကြည်သုံးစွဲစရာတော့ မဟုတ် လှဘူးလို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေက ထောက်ပြလာကြပြီ။ သဘာဝပတ်ဝန်းကျင်အတွက် ထိခိုက် တယ်လို့ ပညာရှင်တွေက အခုနောက်ပိုင်းမှာ အသံကျယ်ကျယ် အော်လာကြတယ်။
ကြွပ်ကြွပ်အိတ်ဆန့်ကျင်ရေးတစ်လျှောက်လုံး လုပ်လာတဲ့ စာရေးဆရာမကတော့ ဂျူးပါပဲ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး စာစဉ်တွေဖြစ်တဲ့ ‘ကျွန်မချစ်သော မြို့’၊ ‘ကျွန်မချစ်သော နိုင်ငံ’၊ ‘ကျွန်မချစ်သော ကမ္ဘာ’ဆိုတဲ့ စာအုပ်တွေမှာ ကြွပ်ကြွပ် အိတ်ဆိုးကျိုးတွေကို ပညာရှင်တွေရဲ့ သုတေသနစာတမ်း အကိုး အကားတွေ၊ ကိန်းဂဏန်းအချက်အလက်တွေနဲ့ ရေးသားထား တယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစာစဉ်တွေဟာ အများအားဖြင့် ပျင်းစရာကောင်းလေ့ရှိပေမယ့် ဆရာမဂျူးရဲ့ စာရေးခြင်းအတတ်ပညာကြောင့် ဖတ်ရတာ ပျင်းစရာမကောင်း ဘူး။ မိတ်ဆွေတို့လည်း အချိန်ရလို့ စိတ်အားလက်အားရှိတဲ့အခါ အဲဒီစာအုပ်တွေ ဖတ်ကြည့်စေချင်တယ်။
ကြွပ်ကြွပ်အိတ်တွေ ကျွန်တော်တို့ဆီမှာ သုံးလာတာ နှစ် သုံးဆယ်လောက်တော့ ရှိပြီ။ ကြွပ်ကြွပ်အိတ်မပေါ်ခင်က ပစ္စည်း ထည့်ဖို့ ဘာတွေ သုံးကြသလဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ် ကျော်က လက်ဖက်ရည်ပါဆယ်ဝယ်ရင် ဘယ်လိုဝယ်ကြပါလိမ့်လို့ ဆယ်ကျော်သက်တွေကို မေးခွန်းထုတ်ကြည့်ရင် စိတ်ဝင်စားဖွယ် အဖြေတွေ့ရလိမ့်မယ်ထင်တယ်။
ကျွန်တော်တို့ ငယ်ငယ်က လက်ဖက်ရည်ဝယ်တဲ့အခါ လက်ဖက်ရည်ချိုင့်တွေ အိမ်က ယူသွားကြရတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက လက်ဖက်ရည်ကြိုက်တဲ့ လူ့အဖွဲ့အစည်း၊ ရုံးပြင် ကန္နားသွားရင်တောင် အပိုကြေးပေးရတဲ့ ငွေကြေးကို လက်ဖက် ရည်ဖိုးပေးတာလို့ ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ သုံးကြတာ။
မိသားစုတော်တော်များများက မနက်လင်းလို့ အိပ်ရာက ထတာနဲ့ လက်ဖက်ရည်တစ်ကျိုက်လောက် ဂွပ်ခနဲသောက်ချင် ကြတာ။ အဲဒီလို လူ့အဖွဲ့အစည်းမှာ အိမ်တိုင်းစေ့ လက်ဖက်ရည် ချိုင့်ရှိတယ်။ ဒီနေ့ခေတ် ဆယ်ကျော်သက်တွေအဖို့ လက်ဖက်ရည် ချိုင့်ဆိုတာ မြင်ဖူးဖို့ ခက်တယ်။
လူငယ်တွေ မြင်အောင်ပြောရရင် ချိုင့်ရဲ့ အမြင့်က လေး၊ ငါးလက်မလောက် မြင့်တယ်။ အကျယ်ကလည်း သုံးလက်မခွဲ၊ လေးလက်မလောက် ရှိတယ်။ အဖုံးနဲ့ ကွက်တိ အကျပ်စွပ်ထားပြီး လက်ကိုင်က ကြေးနန်းကြိုးအလတ်စားလောက်ရှိတဲ့ သတ္တုကိုင်း နဲ့ လုပ်ထားတာ။ အဖုံးရဲ့ အလယ်လောက်မှာ သတ္တုကွင်း ခပ်သေး သေးပါတယ်။ ချိုင့်တစ်ခုလုံး ဒန်ဆိုတဲ့ သတ္တုအပါးနဲ့ လုပ်ထား တာ။ ချိုင့်ဋီကာ ဖွဲ့နေတာ မဟုတ်ပါဘူး။ လက်ဖက်ရည်ချိုင့်ကို မမြင်ဖူး၊ မသုံးဖူးတဲ့ လူငယ်တွေအတွက် ရှင်းပြနေတာပါ။
ကျွန်တော် ခပ်ငယ်ငယ်ကတော့ လက်ဖက်ရည်ချိုင့် နေ့စဉ် ဆွဲပြီး မိသားစုသောက်ဖို့ ဝယ်ပေးခဲ့ရတယ်။ မိသားစုတိုင်းနီးပါး လက်ဖက်ရည်ဝယ်တဲ့အခါ ဒန်ချိုင့်သုံးကြပေမယ့် တချို့မိသားစု တွေက လက်ဖက်ရည်ထည့်တဲ့ ဓာတ်ဘူးလေးတွေနဲ့ ဝယ်ကြတာ လည်း ရှိတယ်။ တချို့ကတော့ ဂလူးကို့စ်ပုလင်းတွေ၊ ဘာလီရည် ပုလင်းတွေကို ဆေးကြောသန့်စင်ပြီး လက်ဖက်ရည်ဝယ်ရာမှာ ထည့်စရာအဖြစ် သုံးကြတာလည်း ရှိတာပေါ့။ ပုလင်းနဲ့ ဝယ်ကြ သူတွေက ပုလင်းကို ကြိမ်တွေကွပ်ပြီး အလှဆင်ကြတယ်။ ပုလင်း တွေကို ကြိမ်နဲ့ကွပ်ထားတော့ လှလည်းလှတယ်၊ အပူလည်း ထိန်းပြီးသား ဖြစ်သွားတယ်လေ။ ဒန်ချိုင့်နဲ့ လက်ဖက်ရည် ဝယ် လာလို့ ပိုနေသေးရင် မီးဖိုဘေးမှာထားပြီး နွှေးထားကြသေးတာ။
လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်လောက်က မန္တလေးမြို့က လက်ဖက်ရည်ဆိုင်တစ်ဆိုင်က လက်ဖက်ရည်ပါဆယ်ဝယ်နေကြ သူတွေကို ဒန်ချိုင့်တွေ မေတ္တာလက်ဆောင်ပေးဖူးတယ်။ တစ် ခွက်ဝယ်နေကျသူအတွက် တစ်ခွက်ဆံ့တဲ့ ချိုင့်၊ နှစ်ခွက်၊ သုံးခွက် ဝယ်နေကျသူတွေကိုလည်း နှစ်ခွက်ဆံ့တဲ့ ချိုင့်၊ သုံးခွက်ဆံ့တဲ့ ချိုင့် ပေးခဲ့ဖူးတယ်။
လက်ထဲ ငွေယားလေးရှိလို့ စားသောက်ဆိုင်တွေဘက် ခြေဦးလှည့်တဲ့အခါ ပါဆယ်ဝယ်ရင် အင်ဖတ်တွေနဲ့ ထုတ်ပေးကြ တယ်။ ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ထမင်းကြော်၊ ထမင်းပေါင်း အားလုံး အင်ဖတ်နဲ့ ထုပ်၊ လျှော်ကြိုးနဲ့ ခေါက်တွန့်ချည်ပေးလိုက် တာပဲ။ အင်ဖတ်နဲ့ ထုပ်ထားတဲ့ အငွေ့တထောင်းထောင်း ခေါက် ဆွဲကြော်က အိမ်ရောက်လို့ ထမင်းစားပွဲပေါ် အထုပ်ဖြေတဲ့အထိ အငွေ့က မသေဘူး။
အငွေ့တထောင်းထောင်းထနေတဲ့ ခေါက်ဆွဲကြော်ကို အင် ဖတ်နဲ့ ထုပ်ထားတာမို့ အိမ်ရောက်လို့ ဖွင့်တဲ့အခါ အင်ဖတ်နံ့ပါ သင်းနေတတ်တယ်။ ဟင်းရည်လိုချင်တဲ့သူကတော့ အိမ်ကနေ လက်ဖက်ရည်ချိုင့်ကို ယူသွားကြရတာပေါ့။ လက်ဖက်ရည်ချိုင့် ဟာ အိမ်ထောင်စုအချို့အတွက် တူးအင်န်ဝမ်းတာဝန် ထမ်း ဆောင်ရပြီး တစ်ခါတလေတော့လည်း သရီးအင်န်ဝမ်းအထိ တာ ဝန်ယူရတယ်။ခေါက်ဆွဲကြော်တစ်ပွဲ တစ်ဆယ်၊ ဆယ့်ငါးကျပ် သာ ပေးရချိန်လေ။ လက်ဖက်ရည်ပါဆယ်ဝယ်ရင် ငါးမတ် (တစ် ကျပ့်နှစ်ဆယ့်ငါးပြား) ၁၉၈၆-၈၇ ခုနှစ်များဖြစ်မှာပေါ့။
အခြားမုန့်ပဲသရေစာတွေလည်း ဖက်ရွက်တွေကိုသာ သုံးခဲ့ ကြတာပါပဲ။ အင်ဖက်အသုံးပြုရမယ့် စားစရာဆို အင်ဖက်နဲ့ ထည့်ပေးတယ်။ ကြာရွက်သုံးရမယ့် စားစရာဆို ကြာရွက်တွေ သုံးခဲ့တာပါပဲ။ မန္တလေးမုန့်တီတို့၊ မ္တနလေးမြီးရှည်တို့ဆိုရင် ကြာ ရွက်တွေနဲ့ ပါဆယ်ထည့်ပေးတာ အမှတ်ရမိတယ်။ မုန့်ပျား သလက်တို့၊ မုန့်စိမ်းပေါင်းတို့၊ မုန့်ပဲဆုပ်သည်တို့ကတော့ ဗာဒံ ရွက်တွေနဲ့ ထည့်ပေးကြတယ်။ တချို့မုန့်ဆိုင်တွေက ငှက်ပျော ရွက်သုံးကြတယ်။ အထူးသဖြင့် ဆီရွှဲရွှဲသုံးတဲ့ ဆီထမင်း၊ ထမင်းနှဲ၊ ထိုးမုန့်သည်တွေအတွက် ငှက်ပျောဖတ်ဟာ ထုပ်ပိုးကုန် ပစ္စည်း ကောင်းတစ်ခု ဖြစ်ခဲ့ရတယ်။
စားသောက်ဖွယ်ရာတွေကို သစ်ရွက်တွေနဲ့ ထည့်ပေးလိုက် တော့ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်၊ စရိတ်လည်း ကျဉ်း တယ်၊ အသုံးလည်း တည့်တယ်၊ သယ်ပိုးရတာလည်း လွယ်တယ်၊ တာရှည်လည်း ခံတယ်။ ဒီလောက် အသုံးတည့်တဲ့ ဓလေ့ကောင်း တစ်ခုကို ကျွန်တော်တို့ ၂၁ ရာစုအထိ သယ်မလာနိုင်ခဲ့ဘူး။
ကျွန်တော်တို့ရှေ့က မျိုးဆက်တွေဟာ သဘာဝကို ချစ်တဲ့ စိတ်၊ ရောင့်ရဲလိုတဲ့ ဆန္ဒ၊ ကျန်းမာရေးအသိအမြင်တွေ ကျွန်တော် တို့မျိုးဆက်ထက် ပိုရှိကြမယ်လို့ ထင်ရတာပဲ။ လက်ရှိမျိုးဆက်က တော့ ကြွပ်ကြွပ်အိတ်တွေ သုံးပြီးလွှင့်ပစ် ွှ့မသတ ဗတပေ ှသခငနအပ လို့ဆိုရမယ်ထင်တယ်။ မီဒီယာပေါင်းစုံက ကြွပ်ကြွပ် အိတ်သုံးစွဲမှုကို မသိမသာရော သိသိသာသာပါ ပညာပေးနေပေ မယ့် ဘာသိဘာသာပဲ နေကြတယ်။ အမှိုက်ပုံတွေမှာ ကြွပ်ကြွပ် အိတ်တွေက မြင်မကောင်းဘူး၊ တောင်ပုံရာပုံ ဖြစ်နေကြတယ်။
ပညာရှင်တွေကလည်း ကြွပ်ကြွပ်အိတ်အသုံးလျှော့ဖို့ ဟောနေ၊ ပြောနေကြပေမယ့် ဟောရင်းသာ ပျံလွန်တော်မူမည်၊ ဆန်ဖြူဖြူတစ်ခွက် ထွက်မည့်ပုံမပေါ် ဆိုသလိုကိုး။ ကြွပ်ကြွပ် အိတ် ဖရီးဇုန်တွေဘာတွေ လုပ်နေကြတာတွေလည်း သတင်း တွေမှာ တွေ့တော့နေရတာပါပဲ။ ဒါပေမဲ့ မလွယ်လှဘူး။ ကြွပ်ကြွပ် အိတ်မသုံးစေချင်ရင် ကြွပ်ကြွပ်အိတ်အစား ဘာသုံးမလဲ။ အင် ဖက်ခူးသူလည်း မရှိတော့ဘူး။ ငှက်ပျောဖက်ခုတ်မယ့်သူလည်း မရှိဘူး။ မလေးရှားကို ရောက်ကုန်ကြပြီ။
ကျွန်တော်တို့ ငယ်ငယ်က သားငါးတွေ ဝယ်ရင်လည်း အင် ဖက်တွေနဲ့ ထုပ်ပေးခဲ့ကြတယ်။ ဝက်သား၊ အမဲသား၊ ဆိတ်သား ရောင်းသူတွေက အင်ဖက်တွေ သုံးကြတယ်။ ငါးသည်တွေလည်း ဈေးဝယ်တွေကို အင်ဖက်နဲ့ ငါးတွေ ထုတ်ပေးခဲ့ကြတာပဲ။
စာအုပ်အရောင်းဆိုင်တွေကတော့ စက္ကူအိတ်တွေနဲ့ ထည့် ပေးခဲ့ကြတယ်။ လွန်ခဲ့တဲ့ သုံး၊ လေးနှစ်လောက်က အထိ လူထု စာအုပ်ဆိုင်က စာအုပ်ဝယ်သူတွေအတွက် လူထုတံဆိပ်ရိုက်နှိပ် ထားတဲ့ စက္ကူအိတ်နဲ့ ဈေးဝယ်တွေကို စာအုပ်ထည့်ပေးခဲ့သေး တယ်။ ဥတ္တရလွင်ပြင်ကလည်း ဒီဇိုင်းဆရာ ဇော်မောင်လက်ရာ ဒီဇိုင်းနဲ့ စက္ကူအိတ်လုပ်ထားပြီး စာအုပ်ဝယ်သူတွေကို စာအုပ် ထည့်ပေးခဲ့ကြဖူးတယ်။
ကြွပ်ကြွပ်အိတ်ကို ခါးခါးသီးသီး ဆန့်ကျင်တဲ့ ခေါက်ဆွဲ ဆိုင်တစ်ဆိုင် မန္တလေးမြို့လယ်ကောင်မှာ အခုအထိ ရှိသေးတယ်။ သူ့ဆိုင်က ကြွပ်ကြွပ်အိတ် လုံးဝမသုံးဘူး။ ဟင်းရည်ကို ကြွပ်ကြွပ် အိတ်နဲ့ ဘယ်တော့မှ မပေးဘူး။ အရင်တုန်းကလည်း မပေးခဲ့ဘူး၊ အခုလည်း မပေးဘူး၊ ဟင်းရည်လိုချင်ရင် ချိုင့်ယူသွားကြရတယ်။ သူ့ဆိုင်က ကြွပ်ကြွပ်အိတ်မသုံးလို့ အပြင်က ကြွပ်ကြွပ်အိတ် အသင့်ယူသွားရင်လည်း ထည့်မပေးဘူး။ အခုအထိလည်း အဲဒီ မူအတိုင်း ရောင်းချနေဆဲပဲ။ မ္တနလေးသား လက်ဟောင်းကြီးတွေ က အဲဒီဆိုင်က ကြက်ဥခေါက်ဆွဲ သိပ်ကြိုက်ကြတာပဲတဲ့။
ကြွပ်ကြွပ်အိတ်တွေရဲ့ ကနဦးအစဟာ ၁၉၈၅ ခုနှစ်ဝန်းကျင် ဖြစ်မယ် (ထင်တာပဲ)။ အရေးတော်ပုံမတိုင်မီလောက်မှာ စသုံး လာကြတာ ကျွန်တော် မှတ်မိနေတယ်။ စဝင်ခါစက ဟင်းချိုမှုန့် အိတ်တံဆိပ်နဲ့ ဝင်လာတာပါ။ အာဂျီနိုမိုတိုတံဆိပ် ဟင်းချိုမှုန့် အိတ်၊ စဝင်ခါစက ရှားပါးတော့ ကြွပ်ကြွပ်အိတ်တွေကိုပဲ ရေဆေး၊ နေလှန်းပြီး ဖျာအောက် ခေါက်ထားကြရသေးတာ။ ထည့်စရာရှိ ထည့်ကြရအောင်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါတာပေါ့။ အခု ဒီ စာမူရေးနေချိန်မှာပဲ ကျွန်တော့်ဘေးပတ်လည် ငါးပေအကွာကို ကြည့်တော့ ကြွပ်ကြွပ်အိတ် လေး၊ ငါး၊ ခြောက်အိတ် တွေ့နေရ တယ်။ အမှိုက်ပုံးအတွင်းထဲ စွပ်ထားတာ တစ်အိတ်၊ မဒမ်မောင် ဥယျာဉ်ရဲ့ သနပ်ခါးသွေးတဲ့ ကျောက်ပြင်နားမှာ နှစ်အိတ်၊ ဆေး ဝါးတွေ ထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်က နှစ်အိတ်။ ထားပါတော့။
နွေရာသီကာလ မီးဘေးကာကွယ်ရေးအတွက် သက်ဆိုင် ရာ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အရ အိမ်ထောင်စုတစ်စု ရေအိတ်သုံးအိတ်၊ သဲအိတ်သုံးအိတ် ချိတ်ဆွဲကြရမယ်ဆိုတော့ လည်း ဒီကြွပ်ကြွပ်အိတ်ကိုပဲ သုံးကြရပြန်တယ်။
မနေ့တစ်နေ့ကအထိ ကျန်ကျောင်းအိတ်၊ ပေါင်ချိန်အိတ် တွေ ခုံခုံမင်မင် သုံးခဲ့ကြရသေးတယ်မဟုတ်လား။ ကျွန်တော်တို့ လူမျိုးက ချစ်ရင်လည်း အဲဒီလို အခမဲ့ ကြော်ငြာပေးဖို့ ဝန်မလေး ဘူး။ ဒီနေ့ခေတ်မှာ ကြွပ်ကြွပ်အိတ်ပေါ် ကိုယ့်ကုန်အမှတ်တံဆိပ် အလွယ်တကူပုံနှိပ်လို့ ရနေချိန်မှာပဲ ကိုယ့်ရဲ့ ကုန်စည်ကို အိတ်ထဲ ထည့်ပြီး အိတ်ပေါ်မှာ သူများအမှတ်တံဆိပ် ကြော်ငြာပေးနေသေး တာကလား။ မိတ်ဆွေ မယုံရင် လမ်းထိပ်က ဆိုင်မှာ ကျန်ကျောင်း အိတ်လို့ သွားဝယ်ကြည့်လိုက်ပါ။ ရောင်းသူက ဘာပေးရမယ်ဆို တာ သိတယ်။
အခုတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အင်ဖက်တွေ၊ ငှက်ပျောဖက်တွေ၊ ကြာရွက်တွေ၊ ဗာဒံရွက်တွေ သုံးခဲ့တယ်ဆိုတာ ဒီနေ့ခေတ်လူငယ်တွေအတွက် ဒဏ္ဍာရီသဖွယ် ဖြစ်နေပါပြီ။ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်၊ အသုံးလည်း တည့်တယ်ဆို ပေမယ့် သုံးဖို့ရာ မလွယ်တဲ့ အနေအထား၊ ကြွပ်ကြွပ်အိတ်မှာ ဆိုး ကျိုးတွေ ရှိနေတယ် ဆိုသည့်တိုင် ခေတ်ကာလအခြေအနေအရ ပစ်ပစ်ခါခါ မလုပ်နိုင်သေးဘူး။
မြို့ကြီးပြကြီးအချို့မှာတော့ ကြွပ်ကြွပ်အိတ်ထုတ်မယ့် စက်ရုံအသစ် တည်ထောင်ခွင့်မပေးတော့ဘူး။ စက်ရုံအချို့က ကြွပ်ကြွပ်အိတ်အစား ပလတ်စတစ်အိတ်ပျော့ကို အစားထိုး ထုတ်လာကြတယ်။ ဒါလည်း လူသုံးကုန်ပစ္စည်းတွေ၊ အလှကုန် တွေ၊ အဝတ်အထည်တွေ၊ စာရေးကိရိယာတွေ၊ ဆေးဝါးတွေ စတဲ့ အရာတွေ ထည့်ရင် အဆင်ပြေနိုင်ပေမယ့် မုန့်ဟင်းခါးလို၊ ကြာဆံ ဟင်းလို ပူတဲ့ အစားအသောက်တွေ ထည့်ရင် ကျန်းမာရေး အတွက် အဆင်ပြေနိုင်ပါ့မလား။ သေချာတာကတော့ ပလတ် စတစ်အိတ်ပါးဖြစ်စေ၊ ကြွပ်ကြွပ်အိတ်ဖြစ်စေ အသုံးပြုပြီး လွှင့် ပစ်ရင် သဘာဝပတ်ဝန်းကျင်အတွက် အင်ဖက်၊ ငှက်ပျောဖက် လောက် စိတ်မချရဘူး။ ပလတ်စတစ်အိတ်တွေက အလွယ်တကူ မြေဆွေးဖြစ်ဖို့ မလွယ်ဘူး။ လူပြောသူပြောများလှတဲ့ ရီဆိုင်ကယ် လုပ်ဖို့ နည်းပညာရှိတယ်ဆိုရင်တောင်မှ အရင်းအနှီးက ကြီးလွန်း အားကြီးနေသေးတယ်။ မသုံးဘဲ နေလို့ကလည်း မရ၊ သုံးရမှာက လည်း (ကျန်းမာရေးရှုထောင့်က ကြည့်ကြည့်၊ သဘာဝပတ်ဝန်း ကျင်အမြင်ကပဲ ကြည့်ကြည့်) အကန့်အသတ်တွေ ရှိနေပြန်တယ်။
ကျွန်တော်ကတော့ အင်ဖက်နဲ့ ထုပ်ပေးလိုက်တဲ့ ခေါက်ဆွဲ ကြော်ကိုပဲ လွမ်းနေမိတော့တယ်။ ဈေးနှုန်း (တစ်ထုပ် တစ်ဆယ်၊ ဆယ့်ငါးကျပ်)ကိုလည်း လွမ်းတယ်။ အရသာကိုလည်း လွမ်း တယ်။ အထူးသဖြင့် ရင်းစားပြန်မရတော့တဲ့ ငယ်ဘဝတွေကို ပို လွမ်းမိတယ်။ ။

