မတ္တရာ-၂၀၂၄ မတ် ၂၉ (မော်ကွန်း)
မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်မှာ ဒီနေ့မနက်ပိုင်း အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်သမားတွေ လာရောက်ပစ်ခတ်လို့ နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ ဦးပိုက်ထွေးဆိုသူဖြစ်ပြီး သူက ရပ်ကွက်အတွင်း စစ်မှုထမ်းကိစ္စ ဆင့်ခေါ်စာတွေလိုက်ပေးရင်း လက်ဖက်ရည်ဆိုင်မှာ ခတ္တနားနေစဉ် ပစ်သတ်ခံလိုက်ရတာလို့ ဆိုပါတယ်။
“သူက စစ်တပ်အတွက် တောက်လျှောက်အလုပ်လုပ်နေတာ။ ဒီနေ့လည်း စစ်မှုထမ်းဆင့်ခေါ်စာလိုက်ပေးနေရင်း လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း အဖွဲ့တစ်ခုက လာပစ်သွားတာ၊ နှစ်ချက်၊ ပွဲချင်းပြီးပဲ” လို့ မတ္တရာမြို့ခံတစ်ဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး သတ်ခံရတဲ့ လက်ဖက်ရည်ဆိုင်ဟာ မတ္တရာမြို့ အရှေ့ပိုင်းက ဆိုရှယ်လက်ဖက်ရည်ဆိုင်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေက လာရောက်စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အုပ်ချုပ်ရေးမှူးကိုသတ်ဖြတ်သွားတဲ့ အဖွဲ့တွေဟာ ဘယ်အဖွဲ့ဆိုတာကိုတော့ လက်ရှိအချိန်အထိ မသိရသေးပါဘူး။
အာဏာသိမ်းစစ်ကောင်စီက အတည်ပြုပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေနဲ့ပက်သက်ပြီး အခုလအတွင်း နိုင်ငံအနှံ့အပြားမှာ စစ်မှုထမ်းစာရင်းကောက်ယူတာတွေလုပ်ဆောင်တဲ့ အုပ်ချုပ်ရေးမှူးတွေ မကြာခဏသတ်ဖြတ်ခံနေရပါတယ်။
နိုင်ငံအနှံ့က တော်လှန်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကြားအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်သူတွေကို ထိထိရောက်ရောက်အရေးယူသွားမှာဖြစ်တယ်လို့ အခုလအတွင်းမှာ အသီးသီးကြေညာပြီးနောက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဆက်တိုက်သတ်ဖြတ်ခံရတာပါ။
မော်ကွန်းက စုဆောင်းထားတဲ့အချက်အလက်တွေအရ အခုလ ၁၈ ရက်ကနေ ဒီနေ့အထိ သတ်ဖြတ်ခံရတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂၀ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။
အခုလ ၂၃ ရက်တုန်းကလည်း မတ္တရာမြို့နယ်ထဲက ဟန်လင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဆိုသူကို လက်နက်ကိုင်အဖွဲ့တစ်ခုက စစ်မှုထမ်းစာရင်းကောက်ယူတာကြောင့်ဆိုပြီး ပစ်သတ်ခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ သူတို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ မကြာခဏသတ်ဖြတ်ခံနေရတာနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာထုတ်ပြန်တာမရှိပါဘူး။
ပုံစာ-ရန်ကုန်တိုင်းအတွင်းမှာ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရသူတွေကို ကြိုဆိုပွဲလုပ်နေစဉ်။
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်(ဟန်ငြိမ်းဦး)။

