ကနီမှာ တော်လှန်ရေးပူးပေါင်းတပ်တွေသိမ်းထားတဲ့နေရာတချို့ လက်လွှတ်လိုက်ရ

ကနီမှာ တော်လှန်ရေးပူးပေါင်းတပ်တွေသိမ်းထားတဲ့နေရာတချို့ လက်လွှတ်လိုက်ရ

ကနီ-၂၀၂၄ မတ် ၈ (မော်ကွန်း)

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်တစ်ဖက်ကမ်းက ကနီမြို့ပေါ်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ နေရာတချို့ ပြန်လက်လွှတ်လိုက်ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မော်ကွန်းကိုပြောပါတယ်။

မုံရွာ-ယာကြီး-ကလေးဝလမ်းအနီးမှာရှိပြီး မုံရွာမြို့ကို ကုန်းလမ်း-ရေလမ်းနှစ်သွယ် သွားလာလို့ရတဲ့ ကနီမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက အခုလ ၂ ရက် မနက်အစောပိုင်းကစပြီး တိုက်ခိုက်ခဲ့တာပါ။

“တကယ်တမ်းက ကိုယ့်ဘက်က တောင်ကုန်းတစ်ခုပဲသိမ်းဖို့ ကျန်တော့တဲ့အနေအထားမှာဗျာ၊ လိုင်းပေါ်မှာ သတင်းတွေက ကြိုပြန့်သွားတော့ သူတို့က အင်အားထပ်တိုး၊ ကိုယ်ရထားတဲ့ နေရာတချို့ပြန်ပေးလိုက်ရတာပေါ့။ တကယ်ဆို ဒီနေ့လိုဆိုရသင့်နေပြီ။ မနေ့က တစ်ညလုံး အလုံးရေတစ်ရာလောက်ရှိတယ်၊ ဗုံးကြဲသွားတာ။ MIG-29 နဲ့ဆို ခဏတိုင်းလာပစ်သွားတာတော်တော်များတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေစဖြစ်တဲ့နေ့ကနေ ဒီနေ့အထိ စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ အကြိမ်အများအပြား ဗုံးကြဲခဲ့လို့ မြို့ပေါ်နဲ့ရွာတွေက နေအိမ်တွေမီးလောင်ပျက်စီးခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သူကဆိုပါတယ်။

“အခုက အခြေနေ သိပ်မကောင်းသေးဘူး။ မနေ့က ရဟတ်ယာဉ်နဲ့ငါးကြိမ် လူထပ်ချသွားတယ်။ အင်အား ၁၃၀ လောက်တော့ရှိမယ်။ တိုက်ပွဲကတော့ တောက်လျှောက်ဖြစ်နေတုန်းပဲ။ လေယာဉ်နဲ့ကလည်း ခဏတိုင်းလာကြဲနေတာဆိုတော့ ကနီက မြို့ပျက်ကြီးလိုဖြစ်နေပြီ” လို့ သူကဆက်ပြောပါတယ်။

ကနီမြို့ပေါ်တိုက်ပွဲပြင်းထန်တာကြောင့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတချို့ စစ်တပ်ကို လေကြောင်းပစ်ကူပေးဖို့နဲ့ အင်အားတိုးချပေးဖို့ အကူအညီတောင်းခံတဲ့ အသံဖိုင်တွေလည်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့ခဲ့ပါသေးတယ်။

တိုက်ပွဲဖြစ်နေတဲ့ ခြောက်ရက်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ရှစ်ဦးနီးပါးကျဆုံးထားသလို စစ်ကောင်စီတပ်ဘက်ကလည်း အများအပြားသေဆုံးခဲ့ပေမယ့် အရေအတွက်အတိအကျကိုတော့ တိုက်ပွဲအတွင်းဖြစ်နေလို့ မသိနိုင်သေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။

မြို့ပေါ်တိုက်ပွဲဖြစ်နေတာကြောင့် စစ်ကောင်စီလေတပ်က ကနီမြို့တွင်းနဲ့ အနီးကရွာတွေကိုဗုံးကြဲလို့ သေဆုံးခဲ့တဲ့အရပ်သား သုံးဦးထပ်မနည်းရှိပြီး လက်ရှိအချိန်မှာတော့ မြို့ပေါ်ရပ်ကွက်သုံးခုနဲ့ ကနီမြို့အနီးမှာရှိတဲ့ ကျေးရွာတွေက ဒေသခံလေးထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကနီမြို့ပေါ်တိုက်ပွဲနဲ့ပက်သက်လို့ အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ဒီနေ့အထိ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကနီမြို့ဟာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ မုံရွာမြို့နဲ့ မိုင် ၄၀ ဝန်းကျင်သာဝေးပြီး မြို့ပေါ်ရပ်ကွက်သုံးခု၊ ကျေးရွာပေါင်းတစ်ရာကျော်နဲ့ဖွဲ့စည်းထားတဲ့ စိုက်ပျိုးရေးလုပ်ငန်းအဓိကထားလုပ်ကိုင်တဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။

ကနီမြို့နယ်နဲ့ထိစပ်နေတဲ့ ယင်းမာပင်၊ ပုလဲ၊ ဘုတလင်၊ ရေဦး၊ မင်းကင်း၊ ဒီပဲယင်းစတဲ့မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်တွေက မကြာခဏစစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံအများအပြားရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒဿမ ၇ သန်းကျော်အထိရှိလာနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHAရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ပုံစာ-ချင်းတွင်းမြစ်ကမ်းနံဘေးက ကနီမြို့ဆိုင်းဘုတ်ကို မြင်တွေ့ရစဉ်။

ဓာတ်ပုံ-KLGPDF

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."