မတ္တရာ-၂၀၂၄ ဧပြီ ၂၄ (မော်ကွန်း)
မန္တလေးတိုင်း၊ မတ္တရာမြို့မှာ ဒီနေ့မနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီရဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်တဲ့ ဗိုလ်မှူးသက်နိုင်စိုး သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် ဒီညနေအထိ မြို့တွင်းလမ်းတွေမှာ အစစ်ဆေးတင်းကြပ်နေသလို မြို့အဝင်အထွက်ကိုလည်း ပိတ်ဆို့စစ်ဆေးနေတယ်လို့ မတ္တရာမြို့ခံတွေက ပြောပါတယ်။
ဗိုလ်မှူးသက်နိုင်စိုးဟာ ဒီနေ့မနက်ပိုင်းက မတ္တရာမြို့နယ်၊ အမှတ် ၅ ရပ်ကွက်က ဆူး လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေစဉ် ပစ်သတ်ခံရတာလို့ ဒေသခံတွေကပြောပါတယ်။
“သူသတ်ခံရပြီး မနက်ကတည်းက မြို့ထဲမှာ ကားတွေနဲ့ ကင်းပတ်တယ်၊ စစ်တယ်။ မြို့အဝင်အထွက်ကိုလည်း ပိတ်ပြီး စစ်ဆေးနေတယ်။ မြို့ထဲကနေ မန္တလေးဘက်သွားမယ့်သူတွေတောင် ဒီနေ့မသွားရဘူး”လို့ မတ္တရာမြို့ခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်အထိတော့ ဘယ်အဖွဲ့က ပစ်သတ်သွားတယ်ဆိုတာ မသိရသေးပါဘူး။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ PDF အဖွဲ့က လာပစ်သွားတာဖြစ်ပြီး နေရာမှာတင်ပွဲချင်းပြီး သေသွားတယ်လို့ ဆိုကြပါတယ်။
မတ္တရာမြို့ပေါ်မှာ ပြီးခဲ့တဲ့ မတ် ၂၉ ရက်ကလည်း စစ်မှုထမ်းဆင့်ခေါ်စာတွေလိုက်ပေးနေတဲ့ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးပိုက်ထွေး လက်ဖက်ရည်ဆိုင်မှာ ပစ်သတ်ခံရပြီး သေဆုံးခဲ့သလို ၂၀၂၂ နိုဝင်ဘာ ၇ ရက်တုန်းကလည်း မတ္တရာမြို့နယ် စစ်သားစစ်ဆောင်းရေးတပ်က ဗိုလ်မှူးအောင်နိုင်စိုးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးလို့ သေဆုံးခဲ့ပါသေးတယ်။
ပုံစာ-မတ္တရာမြို့အဝင်ဆိုင်းဘုတ်
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့် People media တယ်လီဂရမ်ချန်နယ်