ရွှေဘို -၂၀၂၃ ဧပြီ ၂၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်တွေ နှစ်ရက်ဆက်တိုက်မီးရှို့တာကြောင့် အိမ်ခြေ လေးရာကျော်မီးလောင်ပျက်စီးသွားတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။
“အိမ်ခြေက နဂိုရှိတာကခြောက်ရာမှာ အိမ်ခြေတစ်ရာကျော်လောက်ပဲကျန်တော့တာ၊ အိမ်ခြေလေးရာကျော်လောက်ထိ ပျက်ဆီးသွားတယ်။ မနေ့က မြို့သစ်ရွာကို သူတို့(စစ်ကောင်စီတပ်)စဝင်တယ်။ ဝင်တုန်းကလည်း မိုင်းမိတယ်။ ဒီနေ့မနက် ထွက်ခါနီးကျတော့လည်း မိုင်းမိတယ်။ မိတော့ သူတို့က(ရွာကို) အငြိုးကြီးကြီးနဲ့ မီးရှို့ခဲ့တာပေါ့” လို့ သူကပြောပါတယ်။
မြို့သစ်ရွာကိုမီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဘီလူးစစ်ကြောင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရေဦးမြို့ကိုပြန်သွားပြီလို့ သိရပါတယ်။
အဲဒီဘီလူးစစ်ကြောင်းဟာ ခင်ဦးမြို့နယ်ထဲကို ဧပြီ ၁၉ ရက်ကစလို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဧပြီ ၂၅ ရက်က တပင်ကောင်း(တောင်ရွာက) နေအိမ် ၂၅ လုံး၊ ကံကြီးကုန်းရွာက နေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ခင်ဦးမြို့နယ်ထဲမှာ အာဏာသိမ်းပြီးချိန်ကစလို့ ဒီနေ့အချိန်အထိ ကျေးရွာ ၇၀ ကျော်က နေအိမ်ပေါင်း ငါးထောင်ကျော် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ပုံစာ – စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးပြီးမြင်တွေ့ရတဲ့ မြို့သစ်ရွာ
Photo – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

