ရန်ကုန်- ၂၀၂၁ နိုဝင်ဘာ ၂၆ ( မော်ကွန်း)
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်တဲ့ ခလရ(၁၄၀) အတွက် သယ်ဆောင်လာတဲ့ ရိက္ခာသယ်ယာဉ်နှစ်စီးကို CDF ( မတူပီ)၊ တပ်ရင်း-၂ က နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက ဖမ်းဆီးနိုင်ခဲ့ပြီး ကုန်စည်တွေကို ကျေးရွာတွေထံ ရောင်းချခိုင်းကာ ကုန်ဖိုးငွေတွေနဲ့အတူ ကားတွေကိုပြန်လွှတ်ပေးလိုက်တယ်လို့ တပ်ရင်း-၂ သတင်း ထုတ်ပြန်ရေး တာဝန်ခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
နိုဝင်ဘာ ၂၅ ရက်၊ ညနေ ၅ နာရီ ဝန်းကျင်မှာ မတူပီမြို့ မြောက်ဘက်ပိုင်းမှာရှိတဲ့ ရေဇွာမြို့ဘက်ကနေ မတူပီမြို့ကို မောင်းနှင်လာတဲ့ ကုန်တင်ကား နှစ်စီးကို CDF (မတူပီ)၊ တပ်ရင်း-၂ က ကြားဖြတ်စစ်ဆေးရာမှာ တပ်ရိက္ခာတွေဖြစ်နေတာကို သိခဲ့ရတာလို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ ကုန်စည်တွေက စားသောက်ကုန်တွေချည်းပဲ။ ကုန်ခြောက်တွေပေါ့။ ကျွန်တော်တို့က ကားသမားတွေကို စစ်ဆေးတဲ့အခါ ကျတော့ သူတို့ကလည်း စစ်တပ်ကဟာမှန်းမသိဘူး။ စစ်တပ်ကလည်း သူတို့ကို ပိုက်ဆံ မချေရသေးဘူး။ ကုန်ရောက်မှ ပိုက်ဆံချေမယ်ဆိုပြီး သယ်ခိုင်းတာ ” လို့ သူက ပြောပါတယ်။
“ ကားသမားတွေကို သူတို့ ပစ္စည်းတွေနဲ့ အတူ ပြန်လှည့်ခိုင်းဖို့ လုပ်တယ်။ ဒါပေမဲ့ ကားသမားတွေက ဒီကုန်တွေနဲ့ ပြန်ရရင် သူတို့ ဆီးဖိုးတွေလည်း ရှိတော့ အဆင်မပြေဘူးလို့ ပြောကြတယ်။ အဲဒါနဲ့ ကျွန်တော်တို့က ဟားခါး-မတူပီလမ်းဘေးက ရွာတွေကို ဖုန်းဆက်ပြီးတော့ ဒီကားပေါ်မှာပါတဲ့ ကုန်စည်တွေကို ဒီနေ့မနက်မှာ လာဝယ်ကြဖို့ ဆော်ဩပေးခဲ့တယ်။ အခု ဒီမနက် ကားသမားတွေက သူတို့ကုန်တွေကို ရွာသားတွေကို ရောင်းနေကြတယ်။ ရောင်းလို့ကုန်ရင် ပြန်ခိုင်းမယ်။ မတူပီကို ပေးမသွားတော့ဘူး ” လို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ယနေ့မနက်ပိုင်းမှာ မော်ကွန်းကို ပြောပါတယ်။
မတူပီအခြေစိုက် စစ်ကောင်စီတပ်ရင်းအတွက် သယ်ဆောင်လာတဲ့ စားသောက်ကုန်တွေရဲ့ တန်ဖိုးငွေဟာ ကျပ် ၃၆ သိန်းကျော်ဖိုးရှိပြီး ဒုတိယအကြိမ်ဆိုပါက အရေးယူမှုပြုလုပ်မယ်လို့ယာဉ်မောင်းတွေကို သတိပေးပြီး ပြန်လွှတ်လိုက်တယ် လို့ CDF(မတူပီ) တပ်ရင်း-၂ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အထက်ပါ ဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးဝက်ဆိုက်တွေမှာတော့ ယနေ့ နေ့လည်အထိ တစ်စုံတရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ဓါတ်ပုံ- CDF(မတူပီ)
ပုံစာ- စစ်ကောင်စီရိက္ခာသယ်ဆောင်လာတဲ့ယာဉ်နှစ်စီး။
#Dailynews

