ပုံစာ-ဇူလိုင်လ ၂၄ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတဲ့ မြတောင် သပိတ်စစ်ကြောင်း
ဓါတ်ပုံ – Simulation
မန္တလေး – ၂၀၂၁ ဇူလိုင် ၂၇ (မော်ကွန်း)
စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ မြတောင်သပိတ်စစ်ကြောင်းကို စစ်အုပ်စုလက်အောက်ခံ တပ်တွေက ဒီကနေ့ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းမှာ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သုံးဦးအသက်အန္တရာယ်စိုးရိမ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
မြတောင်သပိတ်စစ်ကြောင်းဟာ ဒီကနေ့ မွန်းလွဲ ၁၂:၃၀ နာရီ ဝန်းကျင်က မန္တလေးမဟာမုနိ အရှေ့မုဒ်နားမှာ ပစ်ခတ်ဖြိုခွင်းခံခဲ့ရတာဖြစ်ပြီး ဆန္ဒပြ အမျိုးသား နှစ်ဦး၊ အမျိုးသမီးတစ်ဦး
သေနတ်မှန်ပြီး လဲကျသွားကြောင်း၊တစ်ယောက်မှာ ဦးခေါင်းထိမှန်ခဲ့ပြီး ကျန်နှစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်ကာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ ပြေးရင်းဆိုင်ကယ်မှောက်သူများလည်းရှိကြောင်း မျက်မြင်တွေ့လိုက်ရသူတွေက ပြောပါတယ်။
“သုံးချက်ပစ်တာ သုံးယောက်ထိတယ်။ လူတွေကိုကားနဲ့သယ်သွားတယ်။ သွေးတွေသဲနဲ့ဖုံးနေတယ်။”လို့ မျက်မြင်တွေ့လိုက်ရသူတစ်ဦးက ပြောပါတယ်။
မန္တလေးမြို့က မြတောင်သပိတ်စစ်ကြောင်းဟာ မကြာခဏ ပစ်ခတ်ဖြိုခွင်းခံခဲ့ရပေမယ့်
စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် နေ့စဥ်ဆန္ဒပြနေကြပါတယ်။
#Dailynews

