မတူပီ – ၂၀၂၃ ဒီဇင်ဘာ ၂၀ (မော်ကွန်း)
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ပလက်ဝလမ်းမပေါ်က ထယ်ဘွေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ရဲ့စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပြီးခဲ့တဲ့နှစ်ရက်က စတင်တိုက်ခိုက်ခဲ့ပြီး မနေ့ကမနက်ပိုင်းမှာ စခန်းသိမ်းနိုင်ကာ CDF မတူပီအလံ လွှင့်ထူခဲ့တယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ CDF မတူပီက ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်းကိမ်းက မော်ကွန်းကိုပြောပါတယ်။
ထယ်ဘွေးစခန်းက အင်အား ၄၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ၁၈ ရက် ည ၉ နာရီဝန်းကျင်မှာ စခန်းကိုစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ သူကပြောပါတယ်။
“ သူတို့ထွက်ပြေးတဲ့ညက ချက်ချင်းခြေရာခံတယ်။ အခုချိန်ထိတော့ ခြေရာခံလို့ မရဘူးဖြစ်နေတယ်” လို့ သူကပြောပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်သားတွေကို လိုက်လံရှာဖွေနေတာကြောင့် တွေ့ရှိပါက အချိန်မရွေးတိုက်ပွဲဖြစ်နိုင်လို့ မတူပီမြို့နယ်အတွင်းက ဒေသခံတွေအနေနဲ့ သတိထားကြဖို့လည်း CDF မတူပီက မနေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲစတင်ခဲ့တဲ့ ၁၈ ရက် နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီလေတပ်က ထယ်ဘွေးစခန်းအနီးကရွာတွေကို လေကြောင်းကတိုက်ခိုက်ခဲ့လို့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ CDF မတူပီတာဝန်ရှိသူက ဆက်ပြောပါတယ်။
“စခန်းအတွင်းမဟုတ်ဘဲနဲ့ ထယ်ဘွေးစခန်းအနီးလေဆင်နဲ့ ဗန်ကိုင်းကျေးရွာကို တိုက်လေယာဉ်နဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်တာရှိတယ်။ ဗန်ကိုင်းရွာကျတော့ ပြည်သူတွေရှိတယ်။ နည်းနည်းပါးပါးရှိတော့ ပြည်သူလေးဦးသေပြီး တစ်ဦးက ပြင်းထန်တဲ့ ဒဏ်ရာရနေတယ်” လို့ CDFမတူပီက တာဝန်ရှိသူက ပြောပါတယ်။
ထယ်ဘွေးစခန်းသိမ်းတိုက်ပွဲအတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေထဲက CDF မင်းတပ်ကရဲဘော် တစ်ဦးကျဆုံးပြီး CDF မတူပီဘက်က ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သူကဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေရဲ့ ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးပေမယ့် စခန်းအတွင်းက လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ CDF မတူပီက ဆိုပါတယ်။
ထယ်ဘွေးစခန်းသိမ်းတိုက်ပွဲကို ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေဖြစ်တဲ့ CDF မတူပီ၊ ညီနောင်တပ်ဖွဲ့ CNO/CNDF၊ CDF မင်းတပ်နဲ့ CDF-Lautu အဖွဲ့တို့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ထယ်ဘွေးစခန်းကို တိုက်ခိုက်ခဲ့တဲ့ ၁၈ ရက်နေ့ တစ်ရက်တည်းမှာပဲ ချင်း-မကွေးတိုင်းအစပ်၊ ဟားခါးမြို့နယ်ထဲက ဘုံဇုံစစ်ကောင်စီတပ်စခန်းကိုလည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားနဲ့ စစ်သုံ့ပန်း ခြောက်ဦးကိုလည်း ဖမ်းဆီးရရှိခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်ကောင်စီဘက်က ချင်းပြည်နယ်အတွင်းက သူတို့တပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံရမှုနဲ့ ပက်သက်ပြီး လက်ရှိအချိန်ထိတော့ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ပုံစာ-ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ထယ်ဘွေးစခန်းနဲ့ CDF မတူပီအလံ လွှင့်ထူထားစဉ်။
ဓာတ်ပုံ-CDF-Matupi

