မင်းတပ်-၂၀၂၄ ဇွန် ၁၇ (မော်ကွန်း)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နဲ့ ပလက်ဝမြို့နယ်တွေထဲက ကျေးရွာတွေမှာ လူသေဆုံးတဲ့အထိ ဝမ်းရောဂါတွေဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမာန်က မော်ကွန်းကိုပြောပါတယ်။
ဝမ်းရောဂါဖြစ်ပွားနေတဲ့ ကျေးရွာတွေဟာ မင်းတပ်မြို့နယ်ထဲမှာ ကိုးရွာရှိပြီး ပလက်ဝမြို့နယ်ထဲမှာတော့ ဆက်သွယ်ရေးအခက်အခဲကြောင့် အတိအကျမသိနိုင်ဘူးလို့ သူကဆိုပါတယ်။
မြေပြင်ဆင်းကုသနေတဲ့ ဆရာဝန်တွေကိုမေးကြည့်ရာမှာ လွန်ခဲ့တဲ့လေးရက်က မင်းတပ်ရဲ့တိုက်နယ် ၁၃ အောက်ချိုင်ရွာဘက်မှာ ဝမ်းရောဂါနဲ့လူနှစ်ဦးသေဆုံးပြီး ပလက်ဝမြို့နယ်ထဲမှာလည်း လူသေဆုံးမှုတွေရှိတယ်လို့ ၎င်းကပြောပါတယ်။
“ ဆေးဝါးတွေ လုံလောက်ဖို့လိုသေးတယ်။ ဆေးဝါးတွေဆိုတာ အများကြီးမဟုတ်ပါဘူး။ ဝမ်းရောဂါနဲ့ ပက်သက်တဲ့ ဆေးဝါးတွေ၊ ဓာတ်ဆားတွေ အလုံအလောက်ရောက်ဖို့ပေါ့” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဝမ်းရောဂါဖြစ်ပွားတဲ့နေရာတွေကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ကုသရေးနဲ့ ကျန်းမာရေးဌာနက ဆရာဝန်တွေနဲ့ အခြားဆရာဝန်တွေ သွားရောက် ကုသပေးနေတယ်လို့ သူကဆိုပါတယ်။
“သူတို့ခန့်မှန်းတာက ရေတွေမသန့်ရှင်းတာပေါ့။ အောက်ချိုင်ရွာမှာ လွန်ခဲ့တဲ့ နှစ်လ၊သုံးလလောက်က စကစက တောက်လျှောက်လေယာဉ်ဗုံးကြဲတာရှိတော့ ရွာမှာမနေတော့ဘူး။ လူတွေအကုန်လုံးက တောထဲတောင်ထဲပြောင်းကြတာ။ လူတွေတောထဲတောင်ထဲပြောင်းလို့ မကြာခင်မှာ အခုလိုရာသီဥတု အကူးအပြောင်းဖြစ်တော့ အိမ်တွေအသစ်တွေဆောက်ရတယ်။ ရေတွေပြန်သွယ်ရတယ်ဆိုတော့ အဲဒီမှာ အညစ်အကြေးတွေနေရာထိုင်ခင်း မသန့်ရှင်းတာ၊ သောက်သုံးရေမသန့်ရှင်းတာ၊ တောထဲတောင်ထဲမှာ ပြောင်းရွှေ့နေထိုင်ရတာတွေ၊ မသန့်ရှင်းတွေရေတွေကြောင့်ပေါ့နော်၊ အဲဒီလိုဝမ်းရောဂါတွေဖြစ်လာတယ်လို့ သူတို့ယူဆကြတယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
ဝမ်းရောဂါကူးစက်ဖြစ်ပွားနေတာတွေကို သေချာထိန်းချုပ်နိုင်ဖို့ ဆေးဝါးအလုံအလောက်ရရှိဖို့ လိုတယ်လို့ သူကဆက်ပြောပါတယ်။ ဒါပေမယ့် ချင်းပြည်နယ်ထဲမှာ လမ်းပန်းဆက်သွယ်ရေး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် အကူအညီရရှိမှု နည်းတယ်လို့ သူကပြောပါတယ်။
ပုံစာ-မင်းတပ်မြို့ဝင် ဆိုင်းဘုတ်။
ဓာတ်ပုံ-မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့။

