ကော့ကရိတ် – ၂၀၂၃ ဒီဇင်ဘာ ၆ (မော်ကွန်း)
ဒီဇင်ဘာ ၁ ရက်ကစလို့ဖြစ်ပွားတဲ့ ကော့ကရိတ်မြို့တိုက်ပွဲဟာ ဒီကြားထဲရက်ပိုင်း ပြန်လည်ငြိမ်သက်ပြီးနောက် ဒီကနေ့မှာတော့ ပြန်လည်စတင်လာကာ ပိတ်မိနေတဲ့ ကုန်တင်ယာဉ်မောင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်ခဲ့ရပါတယ်။
ကယ်ထုတ်ထားတဲ့ ကုန်တင်ယာဉ်မောင်း ၉၀ ကျော်ရှိပြီး တိုက်ပွဲဖြစ်ပွားနေချိန် မြဝတီ-အာရှလမ်းမကြီးပေါ်မှာ ကုန်တင်ယာဉ်တွေနဲ့အတူ ပိတ်မိနေတာပါ။
လတ်တလောမှာ ပိတ်မိနေသေးတဲ့ ကုန်တင်ယာဉ်မောင်းတွေကျန်သေးသလို ကယ်ဆယ်ထားတဲ့ ကုန်တင်ယာဉ်မောင်းတွေကိုတော့ ကေအဲန်ယူက နေရာထိုင်ခင်း၊ စားသောက်ရေးကိစ္စတွေကို စီစဉ်ပေးထားပါတယ်။
ကော့ကရိတ်မြို့ပေါ်မှာတော့ တိုက်ပွဲကြောင့် နေထိုင်သူတွေ မရှိတော့ဘဲ ဘားအံအပါအဝင် ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
လေကြောင်းကနေ အရပ်သားနေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ကော့ကရိတ်တောင်ပိုင်းက ကျေးရွာဒေသခံတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး တိုးလာတဲ့စစ်ရှောင်ဦးရေဟာ နောက်ဆုံးရရှိတဲ့ စာရင်းအရ ၂၀,၀၀၀ ဝန်းကျင်ရှိလာနေပါတယ်။
ပုံစာ – ကယ်ဆယ်ထားတဲ့ ကုန်တင်ယာဉ်မောင်းများ
ဓါတ်ပုံ – Taw Naw FM

