မန္တလေး-၂၀၂၄ ဇွန် ၁၂ (မော်ကွန်း)
မန္တလေးမြို့၊ ချမ်းအေးသားစံမြို့နယ်၊ ၈၄လမ်းနဲ့ ၃၄ လမ်းထောင့်မှာရှိတဲ့ ဇွဲထက်ရွှေဆိုင်ရှေ့မှာ ဒီနေ့ ညနေ ၃ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူထိခိုက်မှုရှိတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
“ဗုံးပေါက်တာက ရွှေဆိုင်ရှေ့က ဆိုင်ကယ်စတန်းကြားထဲမှာပေါက်တာ။ လူအထိအခိုက်တော့ရှိတယ်။ ဇွဲထက်ရွှေဆိုင်နားလေးမှာတော့ ယာဉ်ထိန်းတွေနဲ့ ရဲတွေက လိုင်စင်စစ်နေတာ။ သူတို့စစ်နေတဲ့အချိန်ပေါက်တာ။ သူတို့နဲ့တော့နီးတယ်” လို့ အဲဒီပေါက်ကွဲမှုကို မြင်ခဲ့ရသူတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေရောက်လာပြီး ရွှေဆိုင်နဲ့ အနီးပတ်ဝန်းကျင်ကို စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သူကဆက်ပြောပါတယ်။
ဒီပေါက်ကွဲမှုကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာတော့ အခုချိန်မှာမသိရသေးပါဘူး။
၂၀၂၂ မတ်လ ၃၀ ရက်ကလည်း တစ်ရက်တည်းမှာ မန္တလေးမြို့ ၈၄လမ်းနဲ့ လမ်း၃၀ ထောင့်မှာရှိတဲ့ ဇွဲထက်ရွှေဆိုင်နဲ့ ၆၂လမ်းရှိ ဇွဲထက်ရွှေဆိုင်တွေမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၃ ဇူလိုင် ၁၅ ရက်ကလည်း လားရှိုးမြို့မဈေးမှာဖွင့်လှစ်ထားတဲ့ ဇွဲထက်ရွှေဆိုင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။
မနေ့က ညပိုင်းတုန်းကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာရှိတဲ့ ပိုင်အိုနီးယားကလပ်အပြင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။
ဓာတ်ပုံ – ဇွဲထက်ရွှေဆိုင်

