ရာစုနှစ်တစ်ဝက်ကျော်ကြာ အစိုးရအဆက်ဆက်အောက်တွင် လွတ်လပ် ခွင့်ပျောက်ဆုံးခဲ့သည့် ဗဟိုဘဏ်သည် လွန်ခဲ့သော သုံးနှစ်ကျော်က စတင်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနအောက်မှလွတ်မြောက်ကာ တစ်ကျော့ ပြန် သက်ဝင်လှုပ်ရှားလာခဲ့သော်လည်း ခေတ်ဟောင်းမှ အမိန့်ညွှန်ကြား လွှာများနှင့် စိန်ခေါ်မှုများက ရှိနေဆဲဖြစ်သည်။
၁၉၉ဝ မှ ၂ဝ၁ဝ အထိ ဗဟိုဘဏ်သည် ဘဏ္ဍာရေးဝန်ကြီး ဌာနအောက်တွင်သာ ရှိနေခဲ့သည်။ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာသည့် ၂ဝ၁၁ မှစ၍ ဗဟိုဘဏ်အား ဘဏ္ဍာရေးဝန်ကြီး ဌာန၏ တိုက်ရိုက်ကိုင်တွယ်ခြင်းမျိုးမဟုတ်ဘဲ ပြည်ထောင်စုဝန် ကြီးအချို့၏ ကြပ်မတ်ထိန်းကျောင်းမှုအောက်တွင်ထားရှိခဲ့သည် ဟု ပညာရှင်များက ဆိုသည်။
ယင်းနောက် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (International Monetary Fund – IMF) တို့၏ အကူအညီဖြင့် ၁၉၉ဝ ဗဟိုဘဏ်ဥပဒေဟောင်းကို ရုပ်သိမ်းသည့် ၂ဝ၁၃ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေသစ်ကို ရေးဆွဲပြဋ္ဌာန်း လိုက်သည်။ နည်းဥပဒေထွက်ပေါ်လာခြင်း မရှိသေးသော်လည်း ဥပဒေသစ်ပါအတိုင်း ဗဟိုဘဏ်သည် ဘဏ္ဍာရေးနှင့် အခွန်ဝန် ကြီးဌာနအောက်မှ လွတ်မြောက်ကာ သီးခြားလွတ်လပ်သည့် ဒါရိုက်တာ ဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
သို့သော် ရုပ်သိမ်းလိုက်သည့် ၁၉၉ဝ ဗဟိုဘဏ်ဥပဒေအရ ဖြစ်စေ၊ အခြားလုပ်ပိုင်ခွင့်တစ်ခုခုအရဖြစ်စေ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြား ချက်များသည် ဗဟိုဘဏ်ဥပဒေသစ်နှင့် မဆန့်ကျင်လျှင် ဆက် လက်ကျင့်သုံးနိုင်သည်ဟု ယင်းဥပဒေသစ်၏ ပုဒ်မ ၁၁၉ တွင် ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် ဗဟိုဘဏ်တွင် ဥပဒေအပြောင်းအလဲဖြစ်ခဲ့ သော်လည်း တပ်မတော်အစိုးရလက်ထက်ကတည်းက ထုတ်ပြန် ထားသည့် စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များစွာတို့မှာ ယနေ့ထက်တိုင်ဆက်လက်ကျင့်သုံးနေဆဲဖြစ်ကြောင်း ဘဏ် ပညာရှင်များက ဆိုကြသည်။
”ဗဟိုဘဏ်ကနေပြီးတော့ ဘဏ်တွေကို ဘာတွေလုပ်ပါ၊ ဘာတွေမလုပ်ပါနဲ့ဆိုပြီး ညွှန်ကြားထားတဲ့ ညွှန်ကြားချက်တွေ ရှိတယ်၊ အဲဒီညွှန်ကြားချက် တော်တော်များများက Review (ပြန်လည်သုံးသပ်မှု) လုပ်သင့်ပြီ။ ခေတ်နဲ့ညီအောင်ပေါ့” ဟု လက်ရှိဘဏ်လုပ်ငန်းတွင် အခက်အခဲများရှိနေရခြင်း၏ အဓိက အချက်ကို ဘဏ်လုပ်ငန်းအကြံပေးပညာရှင် ဦးရဲမင်းဦးက ထောက်ပြသည်။
ညွှန်ကြားချက်များဟုဆိုရာတွင် ပုဂ္ဂလိကဘဏ်များ၏ ချေးငွေထုတ်ချေးခြင်းနှင့် ဆိုင်သည့် သတ်မှတ်ချက်များ၊ ချေးငွေ အတွက် ဘဏ်များမှ ကောက်ယူရမည့် အတိုးနှုန်း၊ ဘဏ်များ၏ မတည်ငွေရင်း၊ ဗဟိုဘဏ်သို့ အချိုးကျအပ်နှံရမည့်ငွေပမာဏ နှင့် နိုင်ငံခြားဘဏ်များ၏လုပ်ပိုင်ခွင့်သတ်မှတ်ချက် စသည်တို့ ပါဝင်သည်။
အသစ်ရေးဆွဲပြဋ္ဌာန်းသည့် ၂ဝ၁၃ မြန်မာနိုင်ငံတော်ဗဟို ဘဏ် ဥပဒေသစ်တွင် ဗဟိုဘဏ်၏ရည်ရွယ်ချက်သည် ငွေကြေး တည်ငြိမ်ရေး၊ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး၊ ရှင်သန်သော စီးပွားရေးဖွံ့ဖြိုးမှုရရှိရန် အစိုးရ၏စီးပွားရေးမူဝါဒများကို အထောက် အကူပြုရေးတို့ဖြစ်ကြောင်း ဖော်ပြထားသည်။
ငွေကြေးတည်ငြိမ်ရေးဆိုရာတွင် မြန်မာကျပ်ငွေတန်ဖိုး မကျဆင်းစေရန်၊ ငွေကြေးဖောင်းပွမှုများ မဖြစ်ပေါ်စေရန် ကြပ် မတ်မှုများ ပါဝင်သည်။ ဘဏ်များ၊ ဘဏ်မဟုတ်သော ငွေရေး ကြေးရေးအဖွဲ့အစည်းများ (ချေးငွေဝန်ဆောင်မှုလုပ်ငန်းများ)နှင့် ပြည်သူများအကြားမှ ငွေပေးချေမှု၊ အပ်နှံမှု၊ လွှဲပြောင်းမှု၊ ချေးငွေနှင့် မတည်ငွေရင်းများစီးဆင်းမှု စသည်တို့ အဆင်ပြေ ချောမွေ့စေရန် ကိုင်တွယ်ရခြင်းများလည်း ပါဝင်သည်ဟု ပညာ ရှင်များက ဆိုကြသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၂၄ ခုနှင့် နိုင်ငံခြားဘဏ် ၁ဝ ခု ရှိသော်လည်း ယင်းဘဏ်များအားလုံးသည် ဗဟိုဘဏ်၏ကန့်သတ်ချက်များကြောင့် ဝန်ဆောင်မှုများ အပြည့်အဝမပေး နိုင်သေးဟု မော်ကွန်းမဂ္ဂဇင်းက ချဉ်းကပ်ခဲ့သည့် ပြည်တွင်းဘဏ် လုပ်ငန်းလုပ်ကိုင်နေသူများ၊ ဘဏ်ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များက ဆိုကြသည်။
မြန်မာနိုင်ငံတွင် ဘဏ်ခွဲပေါင်း ၁,၃ဝဝ ကျော်ရှိပြီး ၎င်း တို့အနက် ၄ဝ ရာခိုင်နှုန်းမှာ နိုင်ငံပိုင်ဘဏ်များဖြစ်သည်ဟု ယမန်နှစ်က ထုတ်ပြန်သည့် ဂျာမနီဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (The German Society for International Cooperation – GIZ) ၏ Myanmar Financial Sector (၂ဝ၁၅) အစီရင်ခံစာတွင် ရေးသားထားသည်။
လက်ရှိအကျပ်အတည်း
ပုဂ္ဂလိကဘဏ်များသည် ဘဏ်ခွဲများ အလျင်အမြန်တိုးချဲ့ ဖွင့်လှစ်နေသော်လည်း ဗဟိုဘဏ်၏ ကန့်သတ်တားမြစ်ချက်များ ကြောင့် ဝန်ဆောင်မှုပေးရာတွင် ဘဏ်လုပ်ငန်းများ ဆင်တူယိုး မှားဖြစ်နေသည်ကို တွေ့မြင်ရမည်ဖြစ်ကာ အဆောက်အအုံ တည်နေရာတို့သာ ကွာခြားသွားသည်ဟု အထက်ပါ အစီရင်ခံစာ တွင် GIZ က မှတ်ချက်ပြုထားသည်။ ဆိုလိုသည်မှာ ဘဏ်အသုံး ပြုသူများအတွက် ဘဏ်တစ်ခုနှင့်တစ်ခု မတူညီသည့် ဝန် ဆောင်မှုများဖြင့် ဆွဲဆောင်ရန် အတားအဆီးဖြစ်နေခြင်းဖြစ်သည်။
”ဘဏ်တွေဘက်ကကြည့်ရင် ဘဏ်တွေလိုက်နာရမယ့် ကန့်သတ်ချက်တွေရှိနေတယ်၊ ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ ဘဏ်တွေ လုပ်ပိုင်ခွင့်ရအောင် (ဗဟိုဘဏ်က ဖြေလျော့မှုတွေ) လုပ်ရမယ်”ဟု သြစတြေးလျနိုင်ငံ၊ Macquarie တက္ကသိုလ်၏ ဘောဂဗေဒပညာဌာနမှ တွဲဖက်ပါမောက္ခ ရှောင်တာနယ် (Sean Turnell) က ပြီးခဲ့သည့် သြဂုတ်လအတွင်း ရန်ကုန်မြို့ ၌ မီဒီယာ များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဘဏ်များသည် အပ်ငွေကို အတိုးနှုန်းထားတစ်ရပ်ခံစား ခွင့်ပေး၍ လုံခြုံအောင်ထိန်းသိမ်းခြင်း၊ ငွေပေးချေမှုနှင့် ငွေလွှဲ ခြင်းတို့ကို အခကြေးငွေယူ၍ လုပ်ဆောင်ပေးခြင်း၊ အတိုးနှုန်း ဖြင့် ချေးငွေထုတ်ချေးခြင်းတို့ ဆောင်ရွက်ကြသည် ဖြစ်သော် လည်း လက်ရှိမြန်မာ့ဘဏ်စနစ်တွင်မူ ချေးငွေရရှိရန် အခြား နိုင်ငံများထက် ခက်ခဲနေကြောင်း စီးပွားရေးလုပ်ကိုင်နေသူများ က ထောက်ပြကြသည်။
၁၉၇၇ ကတည်းက စီးပွားရေးလောကတွင်းသို့ ဝင်ရောက် ခဲ့ပြီး မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌလည်း ဖြစ် သည့် ရေထွက်ပို့ကုန်လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ”အန်တီ လုပ်လာတာ အနှစ် ၄ဝ ကျော်ပြီ၊ ဒီကနေ့အချိန်ထိ Project Loan (စီးပွားရေးလုပ်ငန်းကိုပြပြီး ချေးတဲ့ချေးငွေ) တစ်ခါမှ မရ ဖူးဘူး”ဟု ဆိုသည်။
လက်ရှိတွင် ဘဏ်များမှ ချေးငွေအပေါ်ကောက်ခံသည့် အတိုးနှုန်း (Lending Rate) မှာလည်း ၁၃ ရာခိုင်နှုန်းဖြစ်သော ကြောင့် အခြားနိုင်ငံများထက်စာလျှင် များနေပြီး အပေါင်ပစ္စည်း မပေးနိုင်ပါကလည်း ထုတ်မချေးကြပြန်ရာ အပေါင်ပေးရန်ပစ္စည်း မရှိသည့်အခါ အဆင်မပြေကြောင်း ၎င်းက ပြောသည်။
ငါးပုစွန်မွေးမြူသူတို့ အခက်ကြုံရသည်ကတော့ မွေးမြူ ရေးကန်များအား အပေါင်ပစ္စည်း (Collateral) အဖြစ်ထား၍ ငွေချေးမရခြင်း ဖြစ်သည်။
ဆက်လက်ပြီး ဒေါ်တိုးနန္ဒာတင်က ယခုကာလတွင် မွေးမြူ ရေးနည်းပညာများကို ဝယ်ယူအသုံးပြုနိုင်လာ ပြီ ဖြစ်သော်ငြား ”ရင်းနှီး မြှုပ်နှံမှုလည်းမရှိဘူး၊ ဝယ်ဖို့ပိုက်ဆံလည်းမရှိဘူးဆိုရင် ဖွံ့ဖြိုး တိုးတက်ဖို့က ဘယ်လိုမှမျှော်ကြည့်လို့မရနိုင်ပါဘူး။ ဒါကို ငါး လုပ်ငန်းကဏ္ဍတစ်ခုလုံးကိုယ်စား ပြောလိုပါတယ်”ဟု ဆိုသည်။
လက်ရှိတွင် ဘဏ်များအနေဖြင့် ငွေထုတ်ချေးမည်ဆိုပါက ရွှေ့ပြောင်းမရသော မြေနှင့် ယင်းမြေပေါ်တွင် ဆောက်ထားသော အဆောက်အအုံ၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား၊ သိုလှောင်ထား သော ဆန်၊ ပဲ၊ ပြောင်းတို့ကိုသာ အာမခံထားပြီး ငွေထုတ်ချေးရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုပေးထားသည်ဟု ဘဏ် ပညာရှင်များက ဆိုသည်။
မြန်မာနိုင်ငံ၏ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးစနစ် အမှန်တကယ်အဆင်ပြေချောမွေ့နေပြီလားဟု ဆန်စပါးတင်ပို့ ခြင်းနှင့် မော်တော်ယာဉ်များတင်သွင်းသည့် လုပ်ငန်းရှင်တစ်ဦး ဖြစ်သော ဒေါက်တာစိုးထွန်းကို မေးကြည့်သည့်အခါ သူက ဘဏ် အများစုသည် အပ်ငွေလက်ခံခြင်း၊ အိုးအိမ်ခြံမြေ အပေါင်ယူ ငွေချေးခြင်း၊ ငွေလွှဲခြင်းတို့ဖြင့်သာ အလွန်ရိုးစင်းစွာ လုပ်ကိုင်နေ ရ၍ မြန်မာနိုင်ငံ၏ဘဏ်စနစ်မှာ ”နှစ်ပေါင်း ၅ဝ လောက် နောက် ကျနေပြီလို့ မြင်တယ်” ဟု ပြန်ဖြေသည်။
လက်ရှိတွင် ပြည်တွင်းဘဏ်များ၌ အိုးအိမ်ခြံမြေကဲ့သို့ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ပိုင်ဆိုင်မှုများကိုသာ အပေါင် ထား၍ ငွေချေးယူနိုင်ကာ လုပ်ငန်းအစီအစဉ်(Business Plan)ကိုပြပြီး ချေးငွေရယူနိုင်ခြင်းမရှိသေးသောကြောင့် ဒေါက်တာစိုး ထွန်းအနေဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းသစ် တည်ထောင်ရန် အခက်အခဲကြုံတွေ့ခဲ့ရသည်။
၎င်းစတင်မည့်လုပ်ငန်းသစ်အတွက် ငွေကျပ်သိန်းတစ် သောင်းခန့်ကုန်ကျမည်ဖြစ်ပြီး ငွေကျပ်သိန်းသုံးထောင်ကို လက် ငင်းပေးချေမည်ဖြစ်ကာ ကျန်လိုအပ်ငွေကို ဘဏ်နှင့် ချိတ်ဆက် ၍ အရစ်ကျဝယ်ယူနိုင်ရန် ကာလအတန်ကြာ ကြိုးစားညှိနှိုင်းခဲ့ သော်လည်း မရရှိခဲ့ပေ။ နိုင်ငံတကာဘဏ်များတွင်မူ Business Plan ကိုပြ၍ ငွေချေးယူနိုင်သည့် ဝန်ဆောင်မှုများရှိသည်။ ယင်း ကဲ့သို့ ပြည်တွင်းဘဏ်များတွင် ငွေချေးယူနိုင်ခြင်း မရှိသကဲ့သို့ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံခြားဘဏ်များမှာလည်း မြန်မာနိုင်ငံသားများအတွက် ဝန်ဆောင်မှုမပေးနိုင်သေးရာ ၎င်းအနေဖြင့် လုပ်ငန်းချဲ့ထွင်နိုင်ရန် အခက်အခဲရှိနေခြင်း ဖြစ်သည်။
လုပ်ငန်းအတွက်ချေးငွေရယူရန် လက်ရှိခွင့်ပြုထားသည့် အတိုင်း ပိုင်ဆိုင်မှုပြ၍ ချေးယူနိုင်သည်ဆိုရာတွင် အပေါင် (Collateral) ပေးနိုင်သည့် နေအိမ်၊ တိုက်တာစသည်တို့၏တန် ကြေးက လိုငွေထက်နည်းနေသည်များလည်း ရှိတတ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းသွင်းကုန်လုပ်ငန်းရှင် တစ် ဦးဖြစ်သူ ဦးကိုကိုမြင့်က ဆိုသည်။
”နိုင်ငံခြားမှာကတော့ ကိုယ်လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းရဲ့ အရွယ်အစား (Volume) ပေါ် မူတည် ပြီး ဘဏ်တွေက ငွေထုတ်ချေးပေးကြတယ်”ဟု ၎င်းက ပြောသည်။
၎င်း၏ Ko Ko Myint International Co.Ltd သည် အီရန်နိုင်ငံမှ ကတ္တရာတင်သွင်းသည့် သွင်းကုန်လုပ်ငန်းကို လတ်တလော အဓိကလုပ်ကိုင်နေသည်။ လွန်ခဲ့သည့် တစ်လကျော် ခန့်မှစ၍ အစိုးရက ပြည်တွင်းရှိ နိုင်ငံခြားသားလုပ်ငန်းရှင်များကို ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းငါးမျိုးအား တင် သွင်းရောင်းချရန် လုပ်ကိုင်ခွင့်ပြုပေးခဲ့ရာ ယင်းတို့အနက် ကတ္တရာ လည်း ပါဝင်နေသည်။ ယင်းသို့ လုပ်ကိုင်ခွင့်ပေးလိုက်သော်လည်း ဘဏ်လုပ်ငန်း မဖွံ့ ဖြိုးသေးသောကြောင့် ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးအနေ ဖြင့်နိုင်ငံခြားသားလုပ်ငန်းရှင်များနှင့် ပြိုင်ဆိုင်နိုင် စွမ်း အပြည့်အဝမရှိသေးပေ။
နိုင်ငံခြားသားလုပ်ငန်းရှင်များအနေဖြင့် အတိုး ၄ ရာခိုင် နှုန်းမျှဖြင့် ၎င်းတို့အတွက် လာဖွင့်ထားသော နိုင်ငံခြားဘဏ်များ တွင် လုပ်ငန်းပြပြီး ငွေချေး၍ရကြသော်လည်း မြန်မာနိုင်ငံသား များအနေဖြင့်မူ “ Trade Credit (ကုန်သွယ်မှုဆိုင်ရာချေးငွေ) လည်း မရှိဘူး၊ ပိုင်ဆိုင်မှုပြပြီး ချေးလို့ရရင်တောင် အတိုးက ၁၃ ရာခိုင်နှုန်းရှိတယ်၊ အဲဒီမှာတင် ကျွန်တော်တို့ ရှုံးနေတယ်၊ နိုင်ငံ ခြားသားနဲ့တော့ ယှဉ်လို့မရနိုင်ဘူး”ဟု ဦးကိုကိုမြင့်က ဆိုသည်။
တစ်ဖက်တွင်လည်း စီးပွားရေးလုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းကိုပြ၍ ချေးငွေရယူလိုကြသည် မှန်သော်လည်း အချို့မှာ မိမိပြထားသည့်လုပ်ငန်းအတွက် ယင်းချေးငွေကို အသုံးမပြုဘဲ အခြားလုပ်ငန်းတစ်ခုခုတွင် သွားရောက်မြှုပ်နှံခြင်း၊ သုံးစွဲလိုက် ခြင်းတို့ကြောင့် ငွေပြန်မဆပ်နိုင်ပါက ဘဏ်များဘက်က နစ်နာမှု ရှိလာနိုင်သည်ကို ဗဟိုဘဏ် ဒုဥက္ကဋ္ဌ (ငြိမ်း) ဦးသန်းလွင်က ထောက်ပြသည်။
ထိုကဲ့သို့ကိစ္စရပ်များမဖြစ်ပေါ်စေရန် စီးပွားရေးလုပ်ကိုင်သူ များဘက်မှ တာဝန်ယူမှုရှိပြီး ဘဏ်များအနေ ဖြင့်လည်း နစ်နာမှု မရှိစေဖို့ ” Loan (ချေးငွေ) တွေကို အာမခံတဲ့ အဖွဲ့အစည်းတွေက လိုလာတယ်၊ ဒါမျိုးတွေကို အစိုးရနဲ့ ဗဟိုဘဏ်က ဦးဆောင်ပြီး ဖွဲ့ပေးရမှာ” ဟု ၎င်းက ဆိုသည်။

ချေးငွေ အာမခံလုပ်ငန်း
အာမခံလုပ်ငန်းနှင့်ပတ်သက်လျှင် တပ်မတော်အစိုးရ အဆက်ဆက်လက်ထက်တွင် မြန်မာ့အာမခံလုပ်ငန်းကဲ့သို့သော နိုင်ငံပိုင်အာမခံလုပ်ငန်း တစ်မျိုးတည်းသာ ရှိခဲ့သည်။ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ ပြည်တွင်းပုဂ္ဂလိက အာ မခံလုပ်ငန်း စုစုပေါင်း ၁၂ ခု ရှိလာခဲ့သည်။
သို့ရာတွင် ယင်းအာမခံလုပ်ငန်းများ အားလုံးသည်လည်း ချေးငွေဆိုင်ရာအာမခံမှုနှင့် ပတ်သက်လာလျှင် အိုးအိမ်တိုက်တာ စသည့် လက်ဆုပ်လက်ကိုင်ပြနိုင်သောပိုင်ဆိုင်မှုများကိုသာ တန်ကြေးဖြတ်၍အာမခံပေးနိုင်ပြီး ကုန်သွယ်မှုဆိုင်ရာ ငွေရရန်ရှိသောအထောက်အထားများနှင့် လုပ်ငန်းစီမံကိန်းများအား အာမခံပေးနိုင်ခြင်း မရှိသေးပေ။
နိုင်ငံတကာတွင် လုပ်ငန်းကိုပြ၍ လိုအပ်သောချေးငွေ ယူနိုင်သည်ဟု ဆိုရာတွင် ဘဏ်ကို လုပ်ငန်းတိုက်ရိုက်ပြ၍ ချေး ယူခြင်းမဟုတ်ဘဲ အာမခံလုပ်ငန်းသို့ဦးစွာသွား၍ လုပ်ငန်းပြရ ခြင်းဖြစ်ပြီး ရရှိသော အာမခံအထောက်အထားကို ဘဏ်သို့ပြနိုင် မှသာ ဘဏ်က ငွေထုတ်ချေးခြင်းဖြစ်သည်ဟု ဦးသန်းလွင်က ရှင်းပြသည်။
ထို့ကြောင့် ငွေကြေးလိုအပ်သောစီးပွားရေးသမားနှင့် ဘဏ်အကြားတွင် တောင့်တင်းခိုင်မာသည့် ချေးငွေအာမခံ ကော်ပိုရေးရှင်းကြီးများ (Credit Guarantee Corporations) ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အစိုးရပူးပေါင်းဖော်ဆောင်ရန် လိုအပ်နေခြင်းဖြစ်သည်ဟု ၎င်း က ထပ်လောင်းအကြံပြုသည်။
သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရလက်ထက်တွင် ဂျာမနီနှင့် ဂျပန်စသည့်နိုင်ငံများ၏ပံ့ပိုးမှုဖြင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (Small and Medium Enterprises – SMEs) အတွက် ချေးငွေများကို ရိုးမဘဏ်၊ က္ဘောဇဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ CB ဘဏ်နှင့် အသေး စားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (Small and Medium Industrial Development Bank – SMIDB) များမှ တစ်ဆင့် ထုတ်ချေးပေးခဲ့သည်။
သို့သော် ချေးငွေများကို ချေးယူသွားသည့်လုပ်ငန်းရှင်များ က သတ်မှတ်ကာလအတိုင်း ပြန်မဆပ်နိုင်တာမျိုးတွေ ဖြစ်ခဲ့သည် ဟု အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMIDB) ဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းက ဆိုသည်။
နိုင်ငံတော်အစိုးရထံမှ ၁ဝ ဘီလီယံယူပြီး ထုတ်ချေးခဲ့ရာ ”ပြန်ဆပ်တာ ခြောက်ဘီလီယံတောင် မပြည့်လို့ Share Holder (ဘဏ်အစုရှယ်ယာရှင်) တွေရဲ့ ငွေနဲ့ ဖြည့်ဆပ်ထားရတယ်။ ၂ဝ၁၇-၁၈ မှာလည်း နိုင်ငံတော်ကို ပြန်ပေးရမယ့် နောက်ထပ် ၂ဝ ဘီလီယံ ရှိသေးတယ်။ အဲဒါကလည်း ၁ဝ ဘီလီယံတောင် ပြန် မရသေးဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါ ချေးငွေများမှာ သတ်မှတ်ကာလထက် ကျော်လွန် သွားပြီဖြစ်ကာ အတိုးပင် သိန်းထောင်ပေါင်းများစွာ ရှိနေ ကြောင်း သိရသည်။ ယင်းတို့အတွက် ချေးငွေအာမခံလည်းမရှိ၍ SMIDB အနေဖြင့် ယခုအခါ ငွေချေးယူသွားသူများကို တရား စွဲဆိုမှုများ ပြုလုပ်ရန် ပြင်ဆင်နေရပြီ ဖြစ်သည်။
အသက်အရွယ်ရလာ၍ ဥက္ကဋ္ဌ တာဝန်မှ အနားယူလိုသော် လည်း ချေးငွေကိစ္စများ မပြီးပြတ်သေး၍ အနားယူနိုင်ခြင်း မရှိ သေးသည့် ဒေါက်တာသန်းထွန်းက ”နိုင်ငံခြားမှာ ဘဏ်က ပိုက်ဆံကို ထုတ်ချေးပြီးရင် ကြွေးလိုက်တောင်းရတယ်ဆိုတာ မရှိ ဘူး၊ အန်ကယ်လည်း အဲဒီလို ချေးလိုက်မိတာ မှားသွားတယ်”ဟု ပြောကြားသည်။
ဘဏ်များမှ ချေးငွေထုတ်ချေးရာတွင် ချေးငွေတောင်းခံ သည့် လုပ်ငန်းရှင်၏ နောက်ခံသမိုင်းကြောင်းကို သိရှိနိုင်ရန် ချေး ငွေဆိုင်ရာ နောက်ကြောင်းရာဇဝင်တို့အား လေ့လာပြုစုထား သောဌာန (Credit Bureau) ဆိုသည့် လုပ်ငန်းတစ်ခုလည်း ရှိ သေးသည်။
ယင်းလုပ်ငန်းက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးစီ၏ အချက်အလက်များကို အမှန်ကန်ဆုံး စုဆောင်းရှာဖွေကာ အာ မခံလုပ်ငန်းများနှင့် ဘဏ်များထံ ပံ့ပိုးခြင်းဖြင့် ရပ်တည်လုပ်ကိုင် ခြင်းဖြစ်သည်။ သို့မှသာ ချေးငွေတောင်းခံလာသူကို ငွေထုတ် ချေးရန် သင့်၊ မသင့် မှန်ကန်စွာဆုံးဖြတ်နိုင်မည်ဖြစ်သည်ဟု ဘဏ်ပညာရှင်များက ဆိုသည်။
မြန်မာနိုင်ငံတွင်မူ ချေးငွေဆိုင်ရာ နောက်ကြောင်းရာဇဝင် လေ့လာပြုစုသောဌာန (Credit Bureau) တစ်ရပ် တည်ထောင် နိုင်ခြင်း မရှိသေးပေ။
ယင်းကဲ့သို့ လုပ်ငန်းမျိုးပေါ်ပေါက်လာရန်မှာလည်း ”အစိုးရနဲ့ ဗဟိုဘဏ်က ဦးဆောင်ပြီး တည်ထောင်ပေးသင့် တယ်” ဟု ဦးသန်းလွင်က ပြောကြားသည်။
နိုင်ငံခြားဘဏ်များကို ကိုင်တွယ်ရန် အသင့်မဖြစ်သေး
မြန်မာနိုင်ငံ၌ နိုင်ငံခြားဘဏ် ၁ဝ ခု လိုင်စင်ရရှိထားသော် လည်း လူတစ်ဦးချင်းစီ၏ ငွေအပ်၊ ငွေလွှဲ၊ ငွေချေးယူခြင်း စသည့် လက်လီဘဏ်ဝန်ဆောင်မှု(Retail Banking)များ ဆောင် ရွက်ခွင့်မရှိဘဲ နိုင်ငံခြားကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ ငွေအပ်၊ ငွေလွှဲ၊ ငွေချေးယူခြင်း (Commercial Banking) စသော ဝန်ဆောင်မှုများကိုသာ လုပ်ကိုင်ခွင့် ရရှိထားသည်။
ပြည်တွင်း၌ နိုင်ငံခြားဘဏ်ခွဲများ လာရောက်ဖွင့်လှစ် ထားသော်လည်း ဗဟိုဘဏ်၏ ကန့်သတ်ထားမှုများကြောင့် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ သုံးစွဲခွင့်မရှိ ဖြစ်နေ ကြသည်။
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားဘဏ်ဝန် ဆောင်မှုများအနက် ငွေအပ်နှံခြင်းထက် လုပ်ငန်းစီမံကိန်းများ ချဲ့ထွင်လုပ်ကိုင်နိုင်ရန် ချေးငွေရယူခြင်းနှင့် ပြည်ပသို့ ငွေလွှဲခြင်း တို့ကို အဓိက အသုံးပြုလို ကြခြင်း ဖြစ်သည်။
လက်ရှိတွင် ပြည်ပသို့ ငွေလွှဲမည်ဆိုပါက မြန်မာကျပ်ငွေကို နိုင်ငံခြားငွေဖြင့် လဲလှယ်ကာ ပြည်တွင်းဘဏ်မှတစ်ဆင့် တစ် ဖက်နိုင်ငံရှိ ဘဏ်တစ်ခု၏ စာရင်းအတွင်းသို့ ရောက်ရန် ကြားခံ ဘဏ်အဆင့်ဆင့်ဖြင့် ပို့နေရသောကြောင့် အချိန်ကြာမြင့်သလို ငွေလွှဲခလည်း ပိုမိုကုန်ကျသည်ဟု ပြည်တွင်းလုပ်ငန်းရှင်များက ပြောသည်။
ဘဏ်များတွင် ထိုကဲ့သို့ မြန်မာကျပ်ငွေကိုနိုင်ငံခြားငွေ ဖြင့်သာ လဲလှယ်ပြီးမှ လွှဲပို့နိုင်သောကြောင့် ပြီးခဲ့သည့်နှစ်က Pioneer Agrobiz ကုမ္ပဏီသည် ဗီယက်နမ်မှ ဓာတ်မြေသြဇာ များတင်သွင်းခဲ့ရာ တင်သွင်းသည့်အချိန်တွင်ရှိသည့် နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် အမှန်တကယ်ပေးချေရချိန် ငွေလဲနှုန်း ကွာဟသွား ပြီး ဆုံးရှုံးမှုများ ရှိခဲ့ရသည်။
ထိုသို့ဖြစ်ရခြင်းအပေါ် ယင်းကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက် တာ ဒေါက်တာမျိုးအောင်ကျော်က ”နိုင်ငံခြားဘဏ်တွေ ပိုဖွင့် လာမယ်။ ကျွန်တော်တို့လည်း သုံးခွင့်ရှိလာမယ်ဆိုရင်တော့ ငွေ လွှဲရတာ ပိုအဆင်ပြေသွားမှာပါ” ဟု ဆိုသည်။
ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက နိုင်ငံခြားဘဏ် ဝန်ဆောင်မှုများကို အသုံးပြုလိုသော်လည်း ပြည်တွင်းဘဏ် လုပ်ငန်းများအနေဖြင့်မူ နိုင်ငံတကာဘဏ်များကို ယှဉ်ပြိုင်နိုင် ခြင်းမရှိမှာကို စိုးရိမ်နေကြသည်။
CB ဘဏ် ဒါရိုက်တာဟောင်း ဦးဖေမြင့်က နိုင်ငံခြားဘဏ် များသည် ငွေအင်အား တောင့်တင်းသော ကြောင့် လုပ်ပိုင်ခွင့် အပြည့်အဝပေးလိုက်ပါက ပြည်တွင်းဘဏ်များ ယှဉ်ပြိုင်နိုင်ခြင်း မရှိဘဲ ”ကျရှုံးသွားနိုင်တယ်၊ ဒီဘက်က ဘဏ်တွေထိခိုက်မှာစိုး လို့ လူကြီးတွေက လုပ်ပိုင်ခွင့် အပြည့်မပေးဘဲ Control (ထိန်း ချုပ်) လုပ်ထားတာ၊ ဒါကတော့ သူတို့ (ဗဟိုဘဏ်) ရဲ့ စေတနာ ပေါ့ဗျာ”ဟု ဆိုသည်။
နိုင်ငံခြားဘဏ်များ၏ လုပ်ကိုင်ခွင့် ကန့်သတ်ထားခြင်းနှင့် ပတ်သက်၍ မော်ကွန်းမှ ချဉ်းကပ်ခဲ့သည့် ဘဏ်ပညာရှင်များ အားလုံးက နိုင်ငံခြားဘဏ်များကို ကန့်သတ်ထားသည့် ဗဟို ဘဏ်၏ လုပ်ရပ်ကို သဘောတူကြသည်။
ပြည်တွင်းဘဏ်လုပ်ငန်းများမှာ ၂ဝ၁ဝ နောက်ပိုင်းမှ နာ လန်ထူနိုင်ခဲ့ခြင်းဖြစ်ရာ နိုင်ငံတကာ ဘဏ်ကြီးများနှင့် ယှဉ်လျှင် ငွေကြေးသာမက နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် စသည့် အချက်များ၌ပါ လိုအပ်ချက်များ ရှိသည်ဟု ဘဏ်ပညာရှင်များက ဆိုသည်။
ယင်းအခြေအနေမျိုးတွင် နိုင်ငံခြားဘဏ်များ၏ လုပ်ပိုင် ခွင့်ကို နိုင်ငံတကာနည်းတူ အပြည့်အဝ ဖွင့်ပေးလိုက်ပါက ယှဉ် ပြိုင်နိုင်စွမ်းမရှိဘဲ ပြည်တွင်းဘဏ်များ ပြိုလဲသွားနိုင်သည့်အပြင် တိုင်းပြည်၏ ငွေကြေးဈေးကွက်ကြီး တစ်ခုလုံးကို စိုးမိုးခြယ်လှယ် သွားနိုင်သည်ဟူသော ရှုထောင့်မှ ၎င်းတို့က သုံးသပ်ကြသည်။
”ဗဟိုဘဏ်မှာ ဒီနိုင်ငံခြားဘဏ်တွေကို ဘယ်လိုထိန်း ချုပ်မယ်ဆိုတဲ့ Scheme(အစီအစဉ်) တစ်ခုပေါ်လာမှသာ အပေါ်က အုပ်ချုပ်နိုင်လိမ့်မယ်။ သူဘယ်လို အုပ်ချုပ်ရမှန်းမသိ တဲ့ဘဏ်တွေကို လွတ်လွတ်လပ်လပ်သွားဖို့တော့ သူ (ဗဟိုဘဏ် က)ခွင့်မပြုရဲသေးဘူး”ဟု ဘဏ်လုပ်ငန်း အကြံပေးပညာရှင် ဦးရဲမင်းဦးက သုံးသပ်သည်။
သို့သော် ယင်းအခြေအနေပေါ်မှာ သူက ယခုလိုထောက်ပြ သေးသည်။
”ဒီပုံစံအတိုင်း ရေရှည်သွားလို့တော့ မဖြစ်နိုင်ဘူး။ နိုင်ငံ ခြားဘဏ်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ပြည်တွင်းဘဏ်တွေ ကြီးထွားရေး ကိုလည်း ဗဟိုဘဏ်က တွန်းအားပေး ကိုင်တွယ်သင့်တယ်”
အလားတူ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဒုဥက္ကဋ္ဌ လည်းဖြစ်သည့် ဒေါက်တာစိုးထွန်းက ”ပြည်တွင်းဘဏ်တွေရဲ့ မျက်နှာကို ကြည့်မလား၊ ပြည်သူ သန်း ၅ဝ ကျော်ရဲ့ အကျိုး စီးပွားကြည့်မလား၊ ဒါကို တစ်သက်လုံး စောင့်နေမယ်ဆို မြန်မာ နိုင်ငံရဲ့စီးပွားရေးကို ထိခိုက်နိုင်တယ်”ဟု ဆိုသည်။

ပြည်တွင်းဘဏ်တွေ ကြီးထွားလာဖို့
လက်ရှိပြည်တွင်းဘဏ်များ၏ မတည်ငွေရင်းများမှာ နိုင်ငံ တကာတွင်သာမက ဒေသတွင်းဘဏ်များနှင့် နှိုင်းယှဉ်လျှင်ပင် လွန်စွာနည်းပါးနေသေးသည်ဟု မြန်မာ့ဘဏ်စနစ်ကို စောင့် ကြည့်နေကြသည့် ကမ္ဘာ့ဘဏ်၊ IMF နှင့် GIZ ကဲ့သို့သော နိုင်ငံ တကာအဖွဲ့အစည်းများ၏ အစီရင်ခံစာများတွင် ဖော်ပြခဲ့ကြ ဖူးသည်။
ယခင်က ပြည်တွင်း၌ ဘဏ်အရေအတွက် နည်းပါးသဖြင့် ဘဏ်များ ပေါ်ပေါက်လာစေရန် ဗဟိုဘဏ်က အနိမ့်ဆုံး မတည် ငွေရင်း သတ်မှတ်ချက်ကို လျှော့ချထားခဲ့ခြင်းဖြစ်သည်ဟု ဘဏ် ပညာရှင်များက ဆိုသည်။
”အခု ဘဏ်က ၂ဝ ကျော်အထိရှိလာပြီဆိုတော့ မတည် ငွေရင်းနဲ့ Reserve Ratio (ဗဟိုဘဏ်သို့ အချိုးကျ အပ်နှံရမည့် ငွေပမာဏ) ကို မြှင့်တင်ဖို့ လိုအပ်နေပြီ”ဟု မြန်မာနိုင်ငံ၏ ငွေ ကြေးကဏ္ဍဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ GIZ နှင့်အတူ သုတေသန များ၊ စာတမ်းများပြုစုဖူးသည့် Thura Swiss ကုမ္ပဏီ၏ CEO ဒေါက်တာအောင်သူရက ပြောကြားသည်။
ပြည်တွင်း၌ ဘဏ်ခွဲအများဆုံးနှင့် အကြီးမားဆုံးဖြစ်သော ကမ္ဘောဇဘဏ်၏ မတည်ငွေရင်းမှာ ငွေကျပ် ၁၃ဝ ဘီလီယံ (ကန် ဒေါ်လာ ၁၁၇ သန်းကျော်) ရှိပြီး ဧရာဝတီဘဏ်က ၆၂ ဘီလီယံ (ကန်ဒေါ်လာ ၅၅ သန်းကျော်) ရှိကြောင်း ၂ဝ၁၅ တွင် တရားဝင် ထုတ်ပြန်ထားသည်။
ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များအတွက် သတ်မှတ်ထား သော အနည်းဆုံးမတည်ငွေရင်းမှာ ယခင်က ကျပ်ငွေ ၁ဝ ဘီလီယံ ရှိပြီး ၂ဝ၁၅ ဇန်နဝါရီမှစ၍ ကျပ်ငွေ ၂ဝ ဘီလီယံသို့ တိုးမြှင့် သတ်မှတ်ခဲ့သည်။
ယင်းပမာဏများမှာ စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ကြီးမားသည့် ငွေပင်ငွေရင်း ဖြစ်သော်လည်း တစ်နိုင်ငံလုံးအဆင့် လွှမ်းခြုံ၍ ဝန်ဆောင်မှုပေးသော ဘဏ်တစ်ခုအတွက်မူ ”နည်း နည်းလေးပဲ ရှိတယ်”ဟု ဒေသတွင်း နိုင်ငံများရှိ ဘဏ်များကို သာဓကပြ၍ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ (ငြိမ်း) ဦးသန်းလွင်က ထောက် ပြသည်။
အိမ်နီးချင်းထိုင်းနိုင်ငံ၏ မတည်ငွေရင်းနည်းပါးသော ပြည် တွင်းပုဂ္ဂလိကဘဏ်များအနက်မှတစ်ခုဖြစ်သည့် Tisco Bank အမည်ရှိ အများပိုင်ဘဏ်၏မတည်ငွေရင်းမှာ ကန်ဒေါ်လာ သန်း ၃၄ဝ အထိရှိကြောင်း ယင်းဘဏ်၏ ၂ဝ၁၅ နှစ်ပတ်လည်အစီရင် ခံစာတွင် ဖော်ပြထားသည်။
ဘဏ်များကြီးထွားလာစေရန် ဘဏ်တွင်ရှိရမည့် မတည် ငွေရင်းသတ်မှတ်ချက် (Capital Requirement) များအား မြှင့်တင်စေခြင်း နည်းလမ်းအပြင် အများပိုင်ဘဏ်(Public Bank)များအဖြစ် ပြောင်းလဲစေခြင်းဖြင့်လည်း ဆောင်ရွက်နိုင် ကြောင်း မော်ကွန်းမှ ချဉ်းကပ်ခဲ့သည့် ဘဏ်လုပ်ငန်းပညာ ရှင် များက ထောက်ပြသည်။
”ဘဏ်လုပ်ငန်းတွေ အပြိုင်အဆိုင်ခေတ်ရောက်ပြီဆိုတာ နဲ့ ဘဏ်တွေ ပေါင်းစည်းစေဖို့ တွန်းအားပေး ကြတဲ့ သာဓကတွေ ရှိတယ်”ဟု ဦးသန်းလွင်က ပြောသည်။
ဘဏ်များကြီးထွားရေးတွင် Merger ဟု ခေါ်သော ဘဏ် အချင်းချင်းပေါင်းစည်းမှုလည်း ရှိသကဲ့သို့ Acquisition ဟု ခေါ် သော ဘဏ်ကြီးများက ဘဏ်ငယ်လေးများကို ဝယ်ယူသည့်စနစ် လည်းရှိသည်ဟု ၎င်းက ဆိုသည်။
စင်ကာပူနိုင်ငံတွင် ပုဂ္ဂလိကဘဏ်များ အကြိမ်ကြိမ်ပူး ပေါင်းခဲ့ကြ၍ ယခုအခါ လူသိများသည့် UOB၊ OCBC နှင့် DBS တို့ အပါအဝင် ပြည်တွင်းဘဏ်ကြီး ငါးခုသာ ရှိတော့သည်။ ဖက်စပ်နှင့် နိုင်ငံခြားသီးသန့်ဘဏ်ပေါင်းက ၁ဝဝ ကျော်အထိ ရှိနေကြောင်း စင်ကာပူဗဟိုဘဏ် (Monetary Authority of Singapore)၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဗဟိုဘဏ် လုပ်သက် ၃၇ နှစ်တာ ကာလအတွင်း အစိုးရစေ လွှတ်မှုဖြင့် ဝါရှင်တန်ရှိ IMF ရုံးချုပ်သို့ နှစ် ကြိမ် သွားရောက်လုပ် ကိုင်ဖူးသည့် ဦးသန်းလွင်က ”(အခု) ဘဏ်တွေ ကြီးလာဖို့ နည်း လမ်းတွေရှာရမယ့်အစား လိုင်စင်တွေ ထပ်ထပ်ပေးနေတော့ ဘဏ်ငယ်လေးတွေ အများကြီးပေါ်လာတယ်။ ဒီဘဏ်လေးတွေ က ဘယ်လိုသွားပြီးတော့ ရပ်တည်နိုင်မှာလဲ”ဟု ထောက်ပြသည်။
ဘဏ်များကြီးထွားရန် ဗဟိုဘဏ်မှ ညွှန်ကြားချက်၊ စည်း မျဉ်းစည်းကမ်းများ၊ ဆွဲဆောင်မှု၊ တိုက်တွန်းမှုများဖြင့် တွန်းအား ပေးရမည်ဖြစ်ပြီး ယင်းသို့ ကြီးထွားလာပါက စီးပွားရေးလုပ်ငန်း များအပြင် လူတစ်ဦးချင်းစီ၏ ပညာရေး၊ ကျန်းမာရေး စသည်တို့ အတွက် ငွေကြေးဝန်ဆောင်မှုများလည်း ပေးနိုင်လာမည်ဟု ဘဏ်ပညာရှင်များက မှတ်ချက်ပြုကြသည်။
နိုင်ငံတကာတွင် အလုပ်လုပ်ရင်းပညာသင်ကြားသူများ အနေဖြင့် ဘဏ်များတွင် ချေးငွေလျှောက်ထားနိုင်သော်လည်း မြန်မာနိုင်ငံတွင်မူ လူငယ်တစ်ဦးသည် နိုင်ငံခြားမှပေးသည့် စီး ပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) တက်ချင်သည်ဆိုပါက ပညာသင်စရိတ်အတွက် ”ပြည်တွင်းဘဏ်တွေမှာ ထုတ်ချေးလို့ မရသေးဘူး”ဟု ဦးရဲမင်းဦးက ရှင်းပြသည်။
ထိုကဲ့သို့ ပညာသင်စရိတ်ချေးငွေများမှာ အများအားဖြင့် လစဉ်အတိုးအရင်းပေါင်း၍ အနည်းငယ်စီ ပြန်ဆပ်ရခြင်း ဖြစ်ပြီး နိုင်ငံတကာတွင် ပျမ်းမျှအတိုးနှုန်းမှာ နှစ်ရာခိုင်နှုန်းဝန်းကျင်သာ ကောက်ခံကြသည်။ ပညာသင်စရိတ်ချေးငွေ အစီအစဉ်များ (Education Loan Schemes) ကို ဗဟိုဘဏ်များက ရေးဆွဲ၍ အတိုးနှုန်းသတ်မှတ်ကာ ပုဂ္ဂလိကဘဏ်လုပ်ငန်းများကို လုပ် ကိုင်စေကြောင်း သိရသည်။
ဘဏ်လုပ်ငန်းများ ကြီးထွားလာမည်ဆိုလျှင် ထိုကဲ့သို့ ဝန် ဆောင်မှုအသစ်များ တိုးချဲ့ပေးလာနိုင်မည်ဖြစ်သော်လည်း ပြည် တွင်းဘဏ်လုပ်ငန်းများအတွက် ကြီးမားသောအခြားစိန်ခေါ် ချက်တစ်ရပ်မှာ ကျွမ်းကျင်ဝန်ထမ်းများ ရှားပါးခြင်းဖြစ်ကြောင်း ကိုလည်း ဘဏ်ပညာရှင်များက ထောက်ပြသည်။
ဘဏ်လုပ်ငန်းဆိုင်ရာ လူသားအရင်းအမြစ်
ဘဏ်လောကတွင် ဘဏ်တစ်ခုနှင့် တစ်ခုအကြား လူလု သည့်ပြဿ နာများ တစ်ချိန်လုံးဖြစ်နေတတ်ပြီး ”ဒီဘက်ဘဏ်မှာ ဒီလူတော်တယ်ဆိုရင် ဟိုဘက်ဘဏ်က ပိုက်ဆံပိုပေးပြီး သူ့ ဘဏ်ကို ခေါ်လိုက်တယ်” ဟု ကျွမ်းကျင်လုပ်သားရှားပါးသည့် အခြေအနေကို ဘဏ်လုပ်ငန်း အကြံပေးပညာရှင် ဦးရဲမင်းဦးက ရှင်းပြသည်။
မြန်မာ့ဘဏ်စနစ်သည် နှစ်ပေါင်း ၅ဝ ကျော်ကြာကာလ အတွင်း တစ်ပါတီ ဆိုရှယ်လစ်ခေတ်နှင့် တပ်မတော်အစိုးရ အဆက်ဆက်လက်ထက်တစ်လျှောက် ခေတ်တစ်ခေတ် ပျက်ခဲ့ သည်ဖြစ်ရာ ဘဏ်ပညာရပ်ဆိုင်ရာ မျိုးဆက်မှာလည်း ပြတ် တောက်ခဲ့ပြီး ”အဲဒါကို အခုချိန်အထိ ခံနေရတုန်းပဲ” ဟု ၎င်းက ဆိုသည်။
ဘဏ်ပညာရပ်ကို ပိုမိုနားလည် တတ်ကျွမ်းသူများ ပေါ် ပေါက်လာစေရန် ဗဟိုဘဏ်မှ ဦးဆောင်၍ သင်တန်းများ ပေး ခြင်း၊ နိုင်ငံတကာရှိ ဗဟိုဘဏ်များ၊ IMF ၊ ADB (အာရှဖွံ့ဖြိုးရေး ဘဏ်) စသည့် အဖွဲ့အစည်းတို့နှင့် ဗဟိုဘဏ်အကြားမှ ဝန်ထမ်း ဖလှယ်သည့် အစီအစဉ်များတွင် ပုဂ္ဂလိကဘဏ်များမှ ဝန်ထမ်း အချို့ကိုပါ ပူးတွဲစေလွှတ်ခြင်းမျိုး လုပ်ဆောင်ပေးသင့်သည်ဟု ဘဏ်လုပ်ငန်းပညာရှင်များက အကြံပြုသည်။
မကျော့ကေခိုင်သည် စီးပွားရေးဘွဲ့ရတစ်ဦးဖြစ်သော် လည်း ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးဆိုင်ရာပညာရပ်ကို ပုဂ္ဂလိကဘဏ်တစ်ခုတွင် စတင်ဝင်ရောက်လုပ်ကိုင်ပြီး ဌာနတွင်း သင်တန်း တက်ရောက်ချိန်တွင်မှ သင်ယူခဲ့ရသည်။
ပြည်တွင်းရှိပုဂ္ဂလိကဘဏ်များသည် ဝန်ထမ်းခေါ်ယူရာ တွင် စီးပွားရေး၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာ စသော ဘာသာရပ်များ ဖြင့် ဘွဲ့ရထားသူများကို အဓိကရွေးချယ်ပြီး အခြားဘွဲ့များရရှိ ထားသူတို့အနက် စာရင်းကိုင်သင်တန်း (LCCI) လက်မှတ် ရှိသူများအား ဦးစားပေးခန့်အပ်ကြောင်း ပုဂ္ဂလိကဘဏ်တစ်ခု တွင် အငယ်တန်းလက်ထောက် ဘဏ်ဝန်ထမ်း (Junior Assisant Banking) အဖြစ် လုပ်ကိုင်ဖူးသည့် မကျော့ကေခိုင် က ပြောသည်။
မြန်မာနိုင်ငံတွင် ဘဏ်ပညာရပ်နှင့် ပတ်သက်၍ သီး သန့်သင်ကြားသည်မှာ မြန်မာနိုင်ငံဘဏ်များအသင်းက တည် ထောင်သော ဘဏ်သင်တန်းကျောင်း (Myanmar Institute of Banking – MIB) တစ်ခုတည်းသာ ရှိသည်။ ယင်းသင် တန်းကျောင်းသည် ယခင်က ဒီပလိုမာသင်တန်းများသာ သင် ပေးနိုင်ခဲ့ရာက ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှစ၍ ရန်ကုန် တက္ကသိုလ်နှင့် ပူးတွဲပြီး မဟာဘွဲ့သင်တန်းကို သင်ကြားပေးနိုင် ခဲ့သည်။
မကြာသေးမီကမှ ဘွဲ့ရလာသူတစ်ဦးကို သာမန်ဘဏ်လုပ် ငန်းဝန်ထမ်းတစ်ဦးအဖြစ် ခေါ်ယူခန့်အပ်နိုင်သော်လည်း အတွေ့ အကြုံအရရော ပညာရပ်ပိုင်းတွင်ပါ နုနယ်သေး၍ ”ဘဏ်အထွေ ထွေ မန်နေဂျာ (ရာထူး) ခန့်ဖို့ကျ အဲဒီလူကို ဘယ်လိုခန့်မလဲ။ (ဒီတော့ တခြားဘဏ်မှာ) အလုပ်ထွက်ပြီဆိုတာနဲ့ သွားပြီး အလုပ်ခေါ်ကြရတာပေါ့”ဟု AGD ဘဏ်၏ မန်နေးဂျင်း ဒါရိုက် တာဟောင်းတစ်ဦးလည်း ဖြစ်သည့် ဦးရဲမင်းဦးက ပြောသည်။
နိုင်ငံတကာမှာတော့ ပုဂ္ဂလိကဘဏ်များမှ ဝန်ထမ်းများကို ဗဟိုဘဏ်တွင် ကာလအပိုင်းအခြားဖြင့် ထမ်းဆောင်စေခြင်း၊ ဗဟိုဘဏ်မှ ဝန်ထမ်းများကိုလည်း ပုဂ္ဂလိကဘဏ်များသို့ စေ လွှတ်၍ လုပ်ငန်းအတွေ့ အကြုံများရရှိရန် အပြန်အလှန် ဝန်ထမ်း လွှဲပြောင်းတာဝန်ပေးခြင်းများရှိကြောင်း ပညာရှင်များက ထောက်ပြသည်။
၁၉၅ဝ ပြည့်လွန်နှစ်များတွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ် သည် အမေရိကန်ပြည်ထောင်စု၏ဗဟို ဘဏ် (Federal Reserve)၊ အင်္ဂလန်နိုင်ငံ၏ ဗဟိုဘဏ် (Bank of England) တို့အထိပညာတော် သင်များကိုစေ လွှတ်ခဲ့ကြပြီး ကုန် ကျစရိတ်ကို လည်း ဗဟိုဘဏ်မှသာ အကုန် အကျခံခဲ့သည်ဟု ဦးသန်းလွင်က ဆိုသည်။
ဘဏ်လုပ်ငန်းများတွင် ကျွမ်း ကျင်လုပ်သားရှားပါးမှုအပြင်အခြေ ခံအဆောက်အအုံဖွံ့ဖြိုးမှုအားနည်းခြင်း၊ နည်းပညာအားနည်းခြင်းတို့ ကြောင့်လည်း လုပ်ငန်းချဲ့ထွင်ရန် အခက်အခဲရှိကြောင်း မော်ကွန်းမှ ချဉ်းကပ်ခဲ့သည့် ဘဏ်လုပ်ငန်းလုပ် ကိုင်နေသူများက ပြောကြသည်။ အင်တာနက်လိုင်း ကောင်းမွန်မှု မရှိ ခြင်း၊ လျှပ်စစ်မီး လုံလောက်အောင် မရရှိခြင်းတို့ကြောင့် အချို့နယ်မြို့ များတွင် ဘဏ်ခွဲများဖွင့်လှစ်ရန် အတားအဆီးဖြစ်နေသကဲ့သို့ ငွေ ထုတ်ယူရန် ATM စက်များကို နေ ရာအနှံ့မထားနိုင်သေးဘဲ ဘဏ် လုပ်ငန်းဆိုင်ရာ နောက်ဆုံးပေါ် နည်းပညာများ သုံးစွဲရန်မှာလည်း အတားအဆီးဖြစ်နေသေးသည်။
သြဂုတ်လ ၁၆ ရက်က ကျင်းပ သည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန် အစည်းအ ဝေးတွင် မြန်မာနိုင်ငံ၏ငွေရေးကြေး ရေး ကဏ္ဍဖွံ့ဖြိုးရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ချေးယူရန် အတည်ပြုခဲ့ရာ ဗဟိုဘဏ်က ယင်းချေးငွေအနက်မှ ကန်ဒေါ်လာ ၂၅ သန်း ကို ရယူသုံးစွဲမည်ဟု ဆိုခဲ့သည်။
ချေးငွေ ကန်ဒေါ်လာ ၂၅ သန်းကို ငွေရေးကြေးရေးဆိုင်ရာ အဆင့်မြင့်သင်တန်းကျောင်း ဖွင့်လှစ်ရေး၊ သတင်းအချက် အလက် နည်းပညာစနစ် တည်ဆောက်ရေးနှင့် လူသားအရင်း အမြစ် ဖွံ့ဖြိုးမှုအစီအစဉ်ရေးဆွဲရေး၊ ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုး တက်မှု ဆောင်ရွက်ရေးတို့တွင် သုံးစွဲသွားမည်ဖြစ်ကြောင်း ဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဝေက ယင်းလွှတ်တော်အစည်း အဝေးတွင် ပြောကြားခဲ့သည်။

ယုံကြည်ရသည့် ဘဏ်
ဘဏ်စနစ်တွင် ဆိုရှယ်လစ်ခေတ်ကလည်း ပုဂ္ဂလိကဘဏ် များအား ပြည်သူပိုင်သိမ်းခြင်းများ ဖြစ်ပွားခဲ့ဖူးသလို တပ်မ တော်အစိုးရလက်ထက်တွင်လည်း လုပ်ပိုင်ခွင့်များကန့်သတ်ခံခဲ့ ရသည်။ ၂ဝဝ၃ မှာတော့ ပုဂ္ဂလိကဘဏ်လုပ်ငန်းများ ပြိုလဲခဲ့ဖူး ရာ မြန်မာနိုင်ငံတွင်ဘဏ်စနစ်အပေါ် ပြည်သူများ၏ယုံကြည်မှု ပိုမိုရရှိရန် လိုအပ်နေကြောင်း ဘဏ်ပညာရှင်များက သုံးသပ်သည်။
”ဘဏ်တွေအပေါ်မှာ ပြည်သူရဲ့ယုံကြည်မှုက အားနည်းနေ သေးတယ်၊ ဘဏ်တွေရဲ့လုပ်ပိုင်ခွင့်ကို ပိုရအောင်လုပ်ရမှာ ဖြစ် သလို တစ်ဖက်မှာလည်း ဘဏ်တွေအနေနဲ့ အာမခံချက်ရှိအောင် လုပ်ရမယ်”ဟု မြန်မာ့စီးပွားရေးနှင့် ဘဏ်စနစ်အား စောင့်ကြည့် လေ့လာသူ ပါမောက္ခရှောင်တာနယ်က သုံးသပ်သည်။
ဘဏ်အပ်ငွေများကိုလေ့လာကြည့်ပါက အပ်သူမှတောင်း လျှင် ချက်ချင်းပြန်ထုတ်ပေးရသည့် (Demand Deposit) အပ် ငွေများက အပ်ငွေစုစုပေါင်း၏ ၉ဝ ရာခိုင်နှုန်းခန့်ရှိနေခြင်းမှာ ဘဏ်များတွင် ကာလရှည်ငွေအပ်နှံရန် တွန့်ဆုတ်နေသည့် သဘောကို ပြနေကြောင်း GIZ က ၂ဝ၁၅ အစီရင်ခံစာ တစ် စောင်တွင် ထောက်ပြသည်။
ထို့အပြင် ကောလဟလများကြောင့် ၂ဝ၁၂ တွင် က္ဘောဇ ဘဏ်မှ လည်းကောင်း၊ ၂ဝ၁၄ တွင် ယူနိုက်တက်အမရာဘဏ် မှလည်းကောင်း ငွေအမြောက်အမြားပြန်လည် ထုတ်ယူသည့် သာဓကများလည်းရှိရာ မြန်မာ့ဘဏ်စနစ်တွင် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ပျောက်ဆုံးခဲ့သည့် ယုံကြည်မှုကို အချိန် ယူတည်ဆောက်ရန် လိုအပ်နေသေးသည်ဟု ယင်းအစီရင်ခံစာက တိုက်တွန်းထားသည်။
ဗဟိုဘဏ်၏ အဓိကတာဝန်တစ်ခုဖြစ်သည့် တိုင်းပြည်၌ ငွေကြေးရိုက်နှိပ်ထုတ်ဝေမှုကို တစ်ဦးတည်း တာဝန်ခံထုတ်ဝေ ခြင်းနှင့်ပတ်သက်၍ လက်ရှိတွင် ဝါဇီစက်ရုံ (Security Printing) မှာ ဗဟိုဘဏ်၏ လက်အောက်တွင်ရှိသော်လည်း စက်ရုံလုပ်ငန်းလည်ပတ်မှုကိုမူ ကာကွယ်ရေးဝန်ကြီးဌာနမှသာ တာဝန်ယူ ဆောက်ရွက်လျက် ရှိသည်။
”ဝါဇီမှာ မဟုတ်တာ မလုပ်ဘူးဆိုတာကို ကျွန်တော်တို့ သိ တယ်၊ ဒါပေမဲ့ လူတိုင်းက မယုံဘူး၊ တချို့က ငွေတွေပိုပြီး ရိုက် ထုတ်နေမလားလို့ သံသယ ရှိကြတယ်”ဟု ဦးရဲမင်းဦးကဆိုသည်။
နိုင်ငံတကာကလည်း ယင်းသို့ သံသယရှိနေမည်ဆိုပါက မြန်မာနိုင်ငံ၏စီးပွားရေးနှင့် ပတ်သက်၍ မှန်ကန်သော သုံး သပ်ချက်များ မထွက်ပေါ်နိုင်ဘဲ ယင်းသို့ မှန်ကန်မှုမရှိသောသုံးသပ်ချက်တို့သည် ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရေးအတွက်ပင် အဟန့်အတား ဖြစ်စေနိုင်သည်ဟု ၎င်းက ပြောကြားသည်။
လက်ရှိတွင် ဝါဇီသည် ကာကွယ်ရေးဝန်ကြီးဌာနအောက် တွင်ရှိသော်လည်း ဗဟိုဘဏ်တင်ပြချက်အပေါ် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် ရိုက်ထုတ်ရန် အမိန့်ပေးမှသာ စက်ရုံက ရိုက်နှိပ်ရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ ဘဏ် များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဒေါက်တာသက်သက်ခိုင်က ရှင်းပြသည်။
ငွေကြေးရိုက်နှိပ်ထုတ်ဝေမှုနှင့် ပတ်သက်၍ ၂ဝ၁၃ ဗဟို ဘဏ်ဥပဒေတွင် အသေးစိတ်ဖော်ပြထားခြင်း မရှိရာ နည်းဥပဒေ ပေါ်ထွက်သည့်အခါ ဗဟိုဘဏ်တစ်ခုတည်းမှသာ အပြည့်အဝ တာဝန်ယူ ရိုက်နှိပ်ထုတ်ဝေခွင့်ရရှိရေး အသေးစိတ် ပြဋ္ဌာန်းချက် များ ပါဝင်လာစေရန် ဘဏ်လုပ်ငန်းပညာရှင်များက မျှော်လင့် ကြသည်။
သမ္မတဦးထင်ကျော် အစိုးရသစ်လက်ထက်တွင် ဗဟို ဘဏ်၏ ဒါရိုက်တာအဖွဲ့မှ အဖွဲ့ဝင် ဦးမော်သန်းကို ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် ပြောင်းရွှေ့ခန့်ထားရာ လစ်လပ်သည့်နေရာ အတွက် ဘဏ်လုပ်ငန်းပညာရှင် ဦးဘိုဘိုငယ်ဖြင့် အစားထိုးသည် မှအပ မည်သည့်စွက်ဖက်မှုမှ မပြုလုပ်ခဲ့၍ ဗဟိုဘဏ်၏ လွတ် လပ်ခွင့်ကို ပိုမိုထင်ရှားစွာ မြင်တွေ့လာရသည်ဟု ပညာရှင်များ က မှတ်ချက်ပြုကြသည်။
သီးခြားလွတ်လပ်မှုရှိလာပြီဟု ဆိုကြသော်လည်း စိန်ခေါ်မှု များစွာကျန်နေသေးသည့် ဗဟိုဘဏ် တိုးတက်ပြောင်းလဲစေရန် ဘဏ်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များက မျှော်လင့် ကြသည်။
ယင်းတို့အနက်မှတစ်ဦးဖြစ်သော ဒေါက်တာစိုးထွန်းက ဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူတို့ရှိ ဘဏ်စနစ်နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အခွင့်အရေးများအား မြန်မာပြည်မှ လုပ်ငန်းရှင်များလည်းရရှိရန် လိုအပ်ပြီး ထိုသို့မရ ပါက အခြားတိုင်းပြည်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိပုံကို ယခုလို မှတ်ချက်ပြုသည်။
”ဒီအခွင့်အရေးမျိုးတွေမရဘူးဆိုရင် ကျွန်တော်တို့က ခြေ ထောက်တစ်ချောင်း ကျိုးနေတဲ့လူလို ဖြစ်နေပြီ။ အဲဒီတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာလည်း ဖြစ်မလာနိုင်ဘူး” ။ ။
၂၀၁၆-အောက်တိုဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃၉)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ကျော်လင်းထွန်း ရေးသည်။