ရန်ကုန်- ၂၀၂၃၊ မတ် ၂၃ (မော်ကွန်း)
ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက်ို ယမန်နေ့ညနေ ၆:၀၀ ကျော်လောက်က အရပ်ဝတ်တွေအပါအဝင် စစ်ကောင်စီတပ်သားတွေအင်အားအများအပြားနဲ့လာရောက်ဖမ်းဆီးသွားတယ်လို့ရပ်ကွက်နေသူတွေကပြောပါတယ်။
“စာရင်းအတိအကျနဲ့ရောက်လာပြီးခေါ်သွားတာ။ ထောက်ပို့လုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ပါ” လို့ ၎င်းရပ်ကွက်သားတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ရပ်ကွက်အတွင်းဒလန်သတင်းပေးမှုကြောင့်မဟုတ်ဘဲ အဲဒီအမျိုးသမီးရဲ့နေရပ်လိပ်စာအတိအကျနဲ့ လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အနီးနားနေထိုင်သူတစ်ဦးကပြောပါတယ်။
အဲဒီအမျိုးသမီးကိုဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာကိုတော့မသိရသေးပါ။
ရန်ကုန်မြို့မှာ မနေ့ညက ဗိုလ်တထောင်မြို့နယ်နဲ့ သာကေတမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွါးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
သာကေတ၊ တောင်ဒဂုံ၊ လှည်းတန်း ဦးထွန်းလင်းခြံလမ်းထိပ်နဲ့ မြို့ထဲရှိတစ်ချို့မြို့နယ်တွေမှာ စစ်ကောင်စီက အနက်ရောင်ဝတ်ထားတဲ့လူငယ်တွေကို ကျောပိုးအိတ်ဖွင့်စစ်တာတွေ၊ မိုဘိုင်းဖုန်းစစ်ဆေးတာတွေ ခပ်စိပ်စိပ်ပြုလုပ်လာနေပြီး နေရာအနှံ့ လုံခြုံရေးတင်းကြပ်လာနေပါတယ်။
#Dailynews

