ရန်ကုန် – ၂၀၂၅ မတ် ၁၉ (မော်ကွန်း)
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေပြီး စစ်ကောင်စီတပ်ဟာ မနေ့ကနဲ့ဒီနေ့ နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ဒီနေ့မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်ခန့်မှာ မြစ်ကြီးနားလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာတစ်စင်းဟာ ဗန်းမော်မြို့ထဲ တစ်နေရာကို နှစ်ကြိမ်ဆက်ဗုံးကြဲသွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မနေ့မနက်ပိုင်းကလည်း KIA တပ်တွေ ထိန်းချုပ်ထားတဲ့ ဗန်းမော်နဲ့ ရွှေကူမြို့နယ်အစပ် ဧရာဝတီမြစ်ကမ်းဘေးက စင်းခန်းရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် KIA တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ဒေသခံလေးဦး သေဆုံးသွားတယ်လို့ KIA နဲ့ နီးစပ်တဲ့ ဒေသတွင်းသတင်းတချို့ကဆိုပါတယ်။
KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ဗန်းမော်ကို ထိုးစစ်ဆင်တိုက်ခိုက်လာတာပါ။
ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ KIA ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ အမြှောက်တပ်ရင်း၊ သံချပ်ကာတပ်ရင်းအပါအဝင် တပ်စခန်းတချို့ကို သိမ်းပိုက်ထားနိုင်ပြီး နောက်ဆုံးကျန်နေသေးတဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ကို ဆက်လက်ထိုးစစ်ဆင်နေတာပါ။
မြေပြင်မှာ တိုက်ပွဲက နေ့စဉ်ရှိနေပြီး စကခ ၂၁ ကို KIA တပ်တွေ ဝန်းရံပိတ်ဆို့ထားတယ်လို့ မြေပြင်အခြေအနေကိုသိတဲ့ ဒေသခံတချို့ကပြောပါတယ်။
“သူတို့ဘက်က လေကြောင်းကလည်း တော်တော်သုံးနေတော့ KIA ဘက်က အခြေအနေကြည့်လိုက်၊ ဝင်တိုက်လိုက်၊ ထိုးစစ်ဆင်လိုက်၊ ခွာစစ်ဆင်လိုက် တိုက်နေပုံရတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ဗန်းမော်မြို့မှာ နေထိုင်သူတွေ မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေကြရပြီး ဗန်းမော်မြို့ပေါ်က အဆောက်အအုံအများစုကလည်း လက်နက်ကြီးဒဏ်၊ လေကြောင်းဗုံးကြဲတဲ့ဒဏ်တွေကြောင့် မီးလောင်ပျက်စီးခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-ဗန်းမော်ကားလမ်းပိတ်ထားရပြီး ပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးရှောင် သုံးသောင်းကျော်ထိ ရှိလာပြီဖြစ်ပါတယ်။
ပုံစာ – ပြီးခဲ့တဲ့ရက်ပိုင်းက တိမ်းရှောင်လာတဲ့ ဗန်းမော်စစ်ဘေးရှောင်များ
ဓါတ်ပုံ – သုညသုခ ပရဟိတအသင်း
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

