ရန်ကုန်-၂၀၂၁ ဒီဇင်ဘာ ၂၉ (မော်ကွန်း)
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးကို ပုဒ်မ ၅၀၅(ခ)နဲ့ ငြိမ်းစုစီပုဒ်မတွေအတွက် ကျောက်တံတားမြို့နယ်တရားရုံးက ဒီကနေ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ်နှစ် တစ်လချ မှတ်ခဲ့ပြီး ချုပ်ရက်ခံစားခွင့်မပေးခဲ့ဘူးလို့ ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
“သူကိုအပေါ်ဆောင်မှာ တခြားအမှုတွေနဲ့အတူတူထားတာလေ။ သူကမာတယ်။ ပြီးခဲ့တဲ့ Silent Strike တုန်းက ရိုက်ခံရတယ်၊ တိုက်ပိတ်ခံရတယ်လို့ကြားတယ်။ စစ်ကောင်စီက ကျောင်းသားခေါင်းဆောင်တွေကို မတရားထောင်ချမှာပဲ” လို့ ကိုဝေယံဖြိုးမိုးနဲ့ ထောင်ထဲမှာရင်းနှီးခဲ့သူတစ်ဦးက မှတ်ချက်ပေးပါတယ်။
ကိုဝေယံဖြိုးမိုးဟာ မတ် ၃ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဗကသများအဖွဲ့ချုပ် ပူးပေါင်းသပိတ်စစ်ကြောင်းမှာ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာပါ။ အာဏာသိမ်းစစ်ကောင်စီက ကိုဝေယံဖြိုးမိုးကို ကမာရွတ်နဲ့ မရမ်းကုန်းမြို့နယ်တရားရုံးတွေမှာလည်း မတရားပုဒ်မတွေနဲ့ အမှုတွေထပ်ဖွင့်ထားသေးတယ်လို့ ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်ကလည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုအောင်ဖုန်းမော်ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ပါတယ်။
ပုံစာ – ကိုဝေယံဖြိုးမိုး
Photo : ABFSU

