မြဝတီမြို့ပေါ်အထိပါတိုက်ပွဲတွေဖြစ်လာ

ရန်ကုန် – ၂၀၂၄ ဧပြီ ၁၀ (မော်ကွန်း)

ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့လယ်ပိုင်းထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မြို့ပေါ်လူနေရပ်ကွက်တွေထိ တိုက်ပွဲတွေ ဖြစ်ပွားလာတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ မနေ့ကညနေပိုင်းကစပြီး မြဝတီမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီမြို့စောင့်တပ်ရင်းဖြစ်တဲ့ ခလရ ၂၇၅ ကို ဝင်ရောက်တိုက်ခိုက်ပြီး မြို့ကို သိမ်းယူဖို့ စတင်ထိုးစစ်ဆင်လာတာပါ။

မြဝတီမြို့အဝင် ခလရ ၂၇၅ တပ်ရင်းအနီးက လူနေရပ်ကွက်တွေမှာ ဒီနေ့လယ် ၁ နာရီခန့်ထိ တိုက်ပွဲ ဆက်လက်ဖြစ်နေပြီး စစ်တပ်ကလည်း လေကြောင်းကနေ ဆက်တိုက်ပစ်ခတ်နေတာကြောင့် အနီးပတ်ဝန်းကျင်က လူနေအိမ်တချို့လည်း မီးလောင်နေတယ်လို့ မြဝတီဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ မြဝတီမြို့ခံထောင်နဲ့ချီပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို ထွက်ပြေးနေကြရတယ်လို့ ဒေသတွင်း သတင်းတချို့မှာ ဖော်ပြထားပါတယ်။

ထိုင်းအစိုးရကတော့ မြဝတီမြို့မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် တစ်သိန်းအထိ လက်ခံနိုင်အောင် ပြင်ဆင်ထားတယ်လို့ မနေ့က ထိုင်းအစိုးရ အိမ်တော်မှာပြုလုပ်တဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

မြဝတီနယ်စပ်ကုန်သည်တစ်ဦးကတော့ “လေယာဉ်တွေနဲ့ ဗုံးပါလာချတော့ မပြေးဘူးဆိုတဲ့သူတွေတောင် ပြေးကြတာများတယ်။ ဒီဘက် ဘားအံဘက်ကမထွက်ရဲကြတော့ မဲဆောက်ဘက်ကို ကူးကြတာများတယ်။ နီးစပ်ရာ အသိဆွေမျိုးတွေဆီ သွားတဲ့သူသွားပေါ့။ တချို့လည်း ဘယ်မှမသွားဘဲ အိမ်မှာပဲနေကြသူတွေလည်းရှိပါတယ်” လို့ သူက ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်လို့ ယခင်ကအသွားအလာ စည်ကားနေတဲ့ မြဝတီမြို့ပေါ်မှာလည်း ဒီနေ့မနက်ပိုင်းကစပြီး လူသူကင်းမဲ့နေကာ ဌာနဆိုင်ရာရုံးတွေ၊ ဘဏ်တွေအပါအဝင် ဈေးဆိုင်တွေအများအပြားလည်း ပိတ်ထားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ ပြီးခဲ့တဲ့လ ဒုတိယအပတ်ကစပြီး မြဝတီမြို့အဝင် သင်္ဃန်းညီနောင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိုးစစ်ကာလ တစ်လကျော်အတွင်းမှာပဲ စစ်ကောင်စီရဲ့ အမှတ် ၃၅၅၊ ၃၅၆၊ ၃၅၇ ခြေမြန်တပ်ရင်းစခန်းတွေနဲ့ သင်္ဃန်းညီနောင် အခြေချစစ်ဗျူဟာစခန်းတို့ကို သိမ်းပိုက်လိုက်နိုင်ခဲ့ပါတယ်။

အဲဒီနောက် မြဝတီမြို့ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဝိုင်းရံပိတ်ဆို့ထားတာကြောင့် တိုက်ပွဲဖြစ်ပွားမှာစိုးရိမ်တဲ့ ဒေသခံအများအပြားဟာ ပြီးခဲ့တဲ့ရက်ပိုင်းတည်းက မြဝတီမြို့ကနေ ကြိုတင်တိမ်းရှောင်နေကြရတာတွေရှိလာပါတယ်။

စစ်ကောင်စီတပ်ကလည်း မြဝတီမြို့ကို အင်အားဖြည့်တင်းဖို့ မော်လမြိုင်-သံဖြူဇရပ်-ဘုရားသုံးဆူ ကားလမ်း၊ ကော့ကရိတ်-မြဝတီ အာရှလမ်းတွေကနေတဆင့် သံချပ်ကားကားတွေ၊ စစ်ကူကားတွေ အမြောက်အများနဲ့ စစ်ကြောင်းထိုးလာတဲ့ သတင်းကလည်း လူမှုကွန်ရက်တွေမှာ ထွက်ပေါ်နေပါတယ်။

ပုံစာ – မြဝတီမြို့ပေါ်နဲ့ နယ်စပ်ဂိတ်အနီး ဒီနေ့မနက်မြင်ကွင်း
ဓာတ်ပုံ – Misoka Shop ၊ Ye Min (AAC)

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."