ဂေထော
ရန်ကုန်၊ ၂၀၂၀ ဇူလိုင် ၂၀ (မော်ကွန်း)
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ဖားကန့်မြို့နယ်၊ ဝှေခါရွာမှ ယခင်ပြိုကျခဲ့သည့် ကျောက်မျက်လုပ်ကွက်၌ ယနေ့ နံနက် ၃ နာရီကျော်က မြေပြိုကျမှုထပ်မံဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း ဖားကန့်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးပြေငြိမ်းက မော်ကွန်းသို့ပြောသည်။
“မိုးရွာလိုက်၊ နေပူလိုက်ဖြစ်တာကြောင့်လည်းပါတယ်။ ဟိုတလောကဖြစ်တဲ့မြေစာတွေရေထဲကျပြီးတော့ အဲဘက်မှာပဲ အထိုင်လျှော်တဲ့ပုံစံဖြစ်တာပေါ့။ ဟိုဘက်က ချောက်ဖြစ်တဲ့အခါကျတော့ ဒီဘက်ကမြေစာအထိုင်လျှော်ကျတဲ့ပုံစံမျိုးပေါ့။အဲ့လိုမျိုးပြိုနေတာ” ဦးပြေငြိမ်းကပြောသည်။
မြေပြိုကျမှုကြောင့် ဖားကန့်ဆိုင်ဘွမ်ကုမ္ပဏီအဆောက်အဦနှင့် ဘက်ဟိုးတစ်စီး၊ ယခင်လူနေသည့်ဈေးတန်းဘက်မှ နေအိမ် (၁၂) လုံး(လူနေထိုင်ခြင်းမရှိ) ပါသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ထပ်မံ၍ အန္တရာယ်ရှိသည့်နေအိမ်များအား ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ဖော်ပြထားသည်။
“လောလောဆယ်က သူတို့ကို နဂိုကတည်းကအန္တရာယ်ရှိတဲ့အတွက် လူမနေခိုင်းထားပြီးသား။အဲဒီအတွက်ကြောင့် ပစ္စည်းတွေကို ရွှေ့ပြောင်းပေးမယ်။အခုလောဆယ်က တစ်နေရာကိုပြောင်းရွှေ့ပေးဖို့ဆောင်ရွက်နေတယ်” ဟု ဦးပြေငြိမ်းကဆိုသည်။
ပြီးခဲ့သည့်မြေပြိုမှု၌ ဇူလိုင် ၆ ရက်အထိစာရင်းများအရ ရေမဆေးကျောက်ရှာဖွေသူ ၁၇၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၅၄ ဦးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ လူပျောက်စာရင်းပေးထားသူ ၂၁ ဦးရှိကြောင်း သူက ဆိုသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနှင့် မြေပြိုမှုကြောင့် ဒဏ်ရာရသူများကို တစ်ဦးလျှင် ငွေကျပ်နှစ်သိန်း၊ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုဝင်များကို ငွေကျပ်ငါးသိန်း၊ စုစုပေါင်း ငွေကျပ် ၉၆၈ သိန်းကိုထောက်ပံ့ပေးခဲ့သည်။
Photo: မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန
#Dailynews