ရန်ကုန် – ၂၀၂၄ ဩဂုတ် ၇ (မော်ကွန်း)
တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့ရွာတွေနဲ့ အရပ်သားတွေနေထိုင်တဲ့ဧရိယာတွေကို စစ်ကောင်စီက လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေပြီး အဲဒီလိုတိုက်ခိုက်တာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့လည်း တားဆီးပေးဖို့ ကြေညာချက်တစ်စောင်ကို ညီနောင်မဟာမိတ်သုံးဖွဲ့ (AA ၊ TNLA ၊ MNDAA) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ ညီနောင်မဟာမိတ်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေ လောက်ကိုင်၊ သန္နီ၊ ကွတ်ခိုင်၊ နမ့်ဆန်နဲ့ မြောက်ဦးမြို့တွေက ဈေး၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အဦ၊ တံတားနဲ့ မြို့၊ ရွာတွေကို တိုက်လေယာဉ်တွေအသုံးပြုပြီး ဖျက်အားပြင်းဗုံးတွေကြဲချကာ အရပ်သားတွေရှိရာကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ယခုလ ၅ ရက်မှာ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သားဒေသခံခြောက်ဦးသေဆုံးခဲ့ကာ ၁၀ ဦးထပ်မနည်း ထိခိုက်ဒဏ်ရာရသွားပြီး နေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေ အများအပြားပျက်စီးခဲ့တယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ အဲဒီဗုံးကြဲတိုက်ခိုက်မှုမှာ ကွတ်ခိုင်မြို့မဈေးမီးလောင်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ပျက်စီးသွားခဲ့တာပါ။
ဒါ့ပြင် စစ်ကောင်စီဟာ MNDAA တပ်ဖွဲ့ဆီ လက်လွှတ်လိုက်ရတဲ့ လောက်ကိုင်မြို့ကိုလည်း ယခုလ ၂ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ဆေးရုံကို ဗုံးထိမှန်ခဲ့ကာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးတွေအပါအဝင် အရပ်သား ၁၀ ဦးကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ ကိုးကန့်မီဒီယာက ဖော်ပြထားပါတယ်။
ညီနောင်မဟာမိတ်တပ်တွေ ပြီးခဲ့တဲ့နှစ်အောက်တိုဘာမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီဟာ MNDAA ၊ TNLA တို့ထံကို ရှမ်းမြောက်ဒေသက မြို့အများအပြားကို လက်လွှတ်ခဲ့ရတာပါ။
အဲဒီကာလမှာ တရုတ်နယ်စပ်မြို့တွေဖြစ်တဲ့ လောက်ကိုင်၊ ချင်းရွှေဟော်မြို့တွေအပြင် သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ စတဲ့မြို့တွေကို လက်လွှတ်ခဲ့ရပါတယ်။
အဲဒီနောက်မှာ နှစ်ဖက်ငြိမ်းချမ်းရေးသဘောတူညီချက်ယူကာ အပစ်ရပ်ခဲ့ပေမယ့် ညီနောင်မဟာမိတ်တပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းကို ဇွန်လကုန်ပိုင်းမှာ ပြန်လည်စတင်ခဲ့ပြီး ကျောက်မဲ၊ နောင်ချို၊ လားရှိုး၊ မိုးကုတ် စတဲ့မြို့တွေကို ထပ်မံလက်လွှတ်ခဲ့ရတယ်။
ဝါရင့်နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီဟာ စစ်ရှုံးနေတာကြောင့် လေကြောင်းကနေ တော်လှန်ရေးအင်အားစုတွေ သိမ်းထားတဲ့ နယ်မြေတွေကို ဖျက်ဆီးတိုက်ခိုက်နေတယ်လို့ မော်ကွန်းကို မှတ်ချက်ပေးထားပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ပြည်တွင်းက အချက်အလက်တွေကို ကောက်ယူကာ အစီရင်ခံစာတွေ ထုတ်ပြန်နေတဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ယခုလ ၅ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေဟာ နှစ်ဆနီးပါး မြင့်တက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးမစတင်မီ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကာလမှာ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာလေကြောင်းတိုက်ခိုက်မှုပေါင်း ၂,၀၀၀ ကျော်ပြုလုပ်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအလွန် ကိုးလတာ ကာလအတွင်းမှာတော့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၃,၈၀၀ ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ISP-Myanmar ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
အဲဒီကိုးလအတွင်းမှာ ကရင်နီဒေသကို လေကြောင်းကနေ အကြိမ် ၉၀၀ ကျော်ဖြင့် အများဆုံးတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုတိယအများဆုံးကတော့ ရှမ်းပြည်နယ်မှာဖြစ်ကာ အကြိမ် ၆၈၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
ဒီမှတ်တမ်းအရ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်ကာလထဲမှာတော့ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅,၈၀၀ နီးပါးရှိခဲ့တာပါ။
ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့မဈေး မီးလောင်နေတဲ့မြင်ကွင်း
ဓာတ်ပုံ – TNLA

