ဂေထော
ရန်ကုန်၊ ၂၀၂၀ ဩဂုတ် ၂၀ (မော်ကွန်း)
ပြည်တွင်းကူးစက်မှုပြန်လည်မြင့်တတ်လာပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်နိုင်ရေးအတွက် လက်ရှိ ဖြေလျှော့ထားသည်ထက် ပိုတင်းကြပ်သည့် သတ်မှတ်ချက်များကို အထူးဧရိယာများသတ်မှတ်ကာ ပြန်လည်ချမှတ်သွားဖို့ ရှိလာနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ သတင်းပြန်ကြားရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောသည်။
“ တစ်ပြည်လုံးအတွက်ကတော့ ဒီအတိုင်းပဲ (လက်ရှိသတ်မှတ်ချက်များအတိုင်း) သွားဦးမှာပေါ့နော်။ ဒါပေမယ့် စပါယ်ရှယ် ဧရိယာမှာတော့ အထူးပေါ့၊ သူ့ဧရိယာအလိုက် ကန့်သတ်ပြီးတော့ ဆောင်ရွက်တဲ့ဟာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး ကြေညာချက်တွေကလည်း အမျိုးသားအဆင့် ဗဟိုကော်မတီကပဲ ထုတ်ပြန်မှာဖြစ်ပါတယ်” ဟု ဒေါက်တာ သန်းနိုင်စိုး ကပြောသည်။
လူနာအများစုတွေ့ရှိသည့်နေရာများကို အထူးဧရိယာအဖြစ်သတ်မှတ် ကန့်သတ်သွားမည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ပြည်တွင်းကူးစက်မှုမရှိသည့်ကာလ တစ်လကျော်ကြာခဲ့ပြီးမှ သြဂုတ် ၁၆ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လူနာတစ်ဦး ပြန်လည်တွေ့ရှိခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို ရောဂါကူးစက်ခံရသူများ ထွက်ပေါ်လာကာ ယနေ့အထိ စစ်တွေမြို့တွင် ပြည်တွင်းကူးစက်သူလူနာ ခြောက်ဦးရှိပြီဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဒေါက်တာသန်းနိုင်စိုးကလည်း စစ်တွေဖြစ်စဉ်ကြောင့် ရောဂါအခြေအနေအပေါ် ပေါလျော့လာသည့် လူထုကို သတိပေးသလို ဖြစ်စေခဲ့ပြီး ကျန်းမာရေးဆိုင်ရာ အသိများပြန်လည်မြင့်တက်လာစေမည်ဟု ဆိုသည်။ လိုအပ်သည့် သတ်မှတ်ကန့်သတ်ချက်များအားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးဗဟိုကော်မတီက ထုတ်ပြန်မည် ဟု သူကဆိုသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဗဟိုကော်မတီက လူစုလူဝေးပြုလုပ်မှုကို ယခင်က ငါးဦးဟု သတ်မှတ်ခဲ့ပြီး အဆင့်ဆင့်ဖြေလျှော့လာခဲ့ရာ လက်ရှိတွင် လူ ၃၀ ဦးအထိ တရားဝင်စုဝေးခွင့်ပြုထားသည်။
စစ်တွေမြို့၏ ရောဂါကူးစက်မှုအခြေအနေကြောင့် လေကြောင်းလိုင်းခရီးစဉ်များကို ဖျက်သိမ်းနေကြောင်း ပြည်တွင်း လေကြောင်းလိုင်းများကပြောသလို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးကလည်း စစ်တွေမှရန်ကုန်ကို လာသည့် ခရီးသည်များကို Quarantine ဝင်ခိုင်ရန် ပြင်ဆင်နေသည်ဟု မော်ကွန်းကို ပြောသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၃၉၆ ဦး၊ သေဆုံးသူ ခြောက်ဦးနှင့် ရောဂါပိုးပြန်လည်ကင်းစင်လာသူ ၃၃၃ ဦး ရှိသည်။
ဓါတ်ပုံ – ေဂထော
#Dailynews