ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၁၃ (မော်ကွန်း)
ရေဘေးသင့်ပဲခူးမြို့မှာ ရေဘေးရှောင်ပြည်သူတချို့ နေအိမ်တွေကို ပြန်ပို့နေပြီလို့ ပဲခူးအခြေစိုက်လူမှုကူညီရေးအသင်း တာဝန်ခံကပြောပါတယ်။
“ရေလုံးဝကျသွားတဲ့ မြို့ပေါ်က အိမ်ထောင်စု ၁၀ စုလောက်ကို ဒီနေ့မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြန်လွှတ်လိုက်ပါပြီ။ နေအိမ်တွေမှာ သန့်ရှင်းရေးလုပ်တာတို့၊ ရေစုပ်ထုတ်တာတို့ လုပ်နေကြပါပြီ။ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ ရေကရင်စို့လောက်ရှိသေးတော့ အဲဒီကလူတွေကိုတော့ ပြန်မလွှတ်ပေးသေးဘူး” လို့ သူကပြောပါတယ်။
ဒီရေကြီးမှုကြောင့် အပျက်အစီး၊ ဆုံးရှုံးမှုဘယ်လောက်ရှိခဲ့လဲဆိုတာကိုတော့ စစ်ကောင်စီက ထုတ်ပြန်ထားတာမရှိသေးပါဘူး။
အောက်တိုဘာ ၇ ရက်က မိုးများကြီး ရေကြီးမှုကြောင့် ပဲခူးမြို့က ကယ်ဆယ်ရေးစခန်းတွေမှာ လူပေါင်းတစ်သောင်းကျော် ရေဘေးတိမ်းရှောင်ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအသင်းတွေထံမှသိရပါတယ်။
လက်ရှိ ပဲခူးမြို့ပေါ်မှာ ရေပြန်ကျသွားလို့ ကားလမ်းတွေပြန်ပွင့်ခဲ့ပြီး ဖုန်းလိုင်းဆက်သွယ်ရေး တစ်ချို့တော့ ပြတ်တောက်နေဆဲပဲလို့ဒေသခံတွေကပြောပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ အောက်တိုဘာလရဲ့ ဒုတိယအပတ် ၁၀ ရက်မှာ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့မှာ ခုနှစ်ပေကနေရှစ်ပေအထိ စိုးရိမ်ရေအမှတ်အောက်ကျဆင်းသွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကထုတ်ပြန်ပါတယ်။
ပဲခူးမြစ်ရေဟာ အခုနှစ် မုတ်သုန်ရာသီမှာ လေးကြိမ်မြောက်ရေကြီးခဲ့တာဖြစ်ပြီး ပဲခူးမြို့ရေကြီးမှုသမိုင်းတစ်လျှောက်မှာ အဆိုးရွားဆုံးဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးအသင်းတွေကမှတ်ချက်ပြုပါတယ်။
ဒီရေကြီးမှုကြောင့် ပဲခူးတိုင်းဒေသကြီး မြို့နယ်ငါးခုကလူပေါင်းတစ်သိန်းကျော် ရေဘေးကြုံခဲ့ရတယ်လို့ မြန်မာ့သတင်းအချက်အလက်စီမံခန့်ခွဲမှုယူနစ်ကထုတ်ပြန်ထားပါတယ်။
ပုံစာ- အောက်တိုဘာ ၁၁၊ ပဲခူးမြို့ရေကြီးမှုမြင်ကွင်း
ဓာတ်ပုံ – Htin Kyaw

