တန့်ဆည်-၂၀၂၄ ဖေဖော်ဝါရီ ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တန့်ဆည်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“လေယာဉ်က ဖိုက်တာက ရှစ်ကြိမ်၊ Mi-35 ကတော့ လေးကြိမ်လာပစ်တယ်ဗျ။ လေယာဉ်နဲ့ဗုံးကြဲတာက ဒေသခံနှစ်ယောက်ထိခိုက်ဒဏ်ရာရတယ်။ စိုးရိမ်ရတယ်လို့ သိရတယ်” လို့ သူကပြောပါတယ်။
ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒေသခံနှစ်ဦးဟာ ရေဦးနဲ့ တန့်ဆည်မြို့နယ်အစပ်မှာရှိတဲ့ ပကာရွာကဒေသခံတွေဖြစ်ပြီး အဲဒီရွာက ဆေးခန်းကိုဗုံးကြဲချိန်မှာ ထိခိုက်ဒဏ်ရာရခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အဲဒီဒေသခံနှစ်ဦးကို ဆေးကုသမှုပေးထားတယ်လို့ သူကဆိုပါတယ်။
ကံထူးမရွာကရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒီနေ့မနက် ၂ နာရီဝန်းကျင်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းတစ်ခုလုံးနီးပါးသိမ်းပိုက်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေ ပြန်ထိန်းချုပ်ထားတယ်လို့ သူကဆိုပါတယ်။
“စခန်းသိမ်းတာကဟုတ်တယ်၊ ဒါပေမယ့် ကိုယ့်ဘက်က အကုန်အပြီးအစီးတော့ မသိမ်းနိုင်ဘူးပေါ့။ ဘန်ကာတစ်ခုကျန်တာပေါ့။ လက်ရှိက စစ်တပ်ကပြန်ဝင်ထားတာ။ ညနေ သုံးနာရီလောက်က ပြန်ဝင်သွားတာ။ သူတို့ရွာထဲဝင်သွားတာဆိုတော့ တိုက်ပွဲက လောလောဆယ်ခဏနားထားတယ်” လို့ တန့်ဆည်ပကဖ တာဝန်ရှိသူကပြောပါတယ်။
ကံထူးမရွာကို ပြန်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ အင်အား တစ်ရာဝန်းကျင်ရှိပြီး အဲဒီစစ်ကြောင်းနဲ့ နေ့လည်ပိုင်းက တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတဲ့အရေအတွက်ကိုတော့ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။
ကံထူးမရွာတိုက်ပွဲတွေကြောင့် လက်ရှိအချိန်မှာတော့ အဲဒီရွာအပါအဝင် ကျောင်းကုန်း၊ ဆပ်ပြာအိုင်၊ အိုင်ယားရှည်၊ ကြက်ဆူကန်၊ လယ်မ စတဲ့ရွာတွေက ဒေသခံအများအပြား နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တန့်ဆည်ဒေသခံတွေကပြောကြပါတယ်။
အခုလ ၁၉ ရက်ကလည်း စစ်ကောင်စီတပ်တွေက ရေဦးနဲ့ တန့်ဆည်မြို့နယ်အစပ်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ပြီး မြေပြင်ကပါ စစ်ကြောင်းထိုးခဲ့တာကြောင့် ဒေသခံငါးထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံအနှံ့မှာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒဿမ ၆ သန်းကျော်အထိရှိလာနေပြီလို့ ဆိုထားပါတယ်။
ပုံစာ-ကံထူးမရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ မီးရှို့ဖျက်ဆီးထားပုံ။
ဓာတ်ပုံ-ပေးပို့။

