ရန်ကုန် – ၂၀၂၅ မေ ၂၉ (မော်ကွန်း)
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတချို့ကို ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းလာပြီး လက်နက်ကြီးတွေနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို ပစ်ခတ်တာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးနေရတယ်လို့ ၎င်းဒေသခံတချို့ က ပြောပါတယ်။
ပြည်ခရိုင်၊ ပေါက်ခေါင်း-ပေါင်းတလည်-ပြည် ကားလမ်းဘေးမှာရှိတဲ့ ကွမ်းအုံစု၊ သိုက်ချောင်း၊ အိုင်စောက် ကျေးရွာတွေကို ဒီမနက်အစောပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဝင်ရောက်ခဲ့ပြီး လက်နက်ကြီးနဲ့လည်း ပစ်ခတ်နေတာလို့ ၎င်းဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ဝင်ရောက်သွားတဲ့ ၎င်းကျေးရွာတွေက နေအိမ်တချို့ မီးလောင်နေတဲ့ ရုပ်သံမှတ်တမ်းတွေကိုလည်း လူမှုကွန်ရက်ပေါ်မှာ ဒေသခံတွေကဖြန့်ဝေနေကြပါတယ်။
ပေါက်ခေါင်းဒေသခံတစ်ဦးကတော့ “ဒီမနက် ငါးနာရီလောက်တည်းက အဲဒီရွာတွေ မီးလောင်နေတယ်။ ဘေးရွာတွေကိုလည်း လက်နက်ကြီးတွေထုနေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကွမ်းအုံစု၊ သိုက်ချောင်း ကျေးရွာတွေနဲ့ အနီးဝန်းကျင် ကျေးရွာတချို့က ဒေသခံတွေဟာ နွားလှည်း၊ ဆိုင်ကယ်တွေနဲ့ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ၎င်းဒေသခံတွေက ပြောပါတယ်။
၎င်းစစ်ကောင်စီစစ်ကြောင်း ပြီးခဲ့တဲ့သုံးရက်က သိုက်ချောင်းရွာမှာ တပ်စွဲနေတဲ့အချိန် ဒေသကာကွယ်ရေးတပ်ဖွဲက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ပြည်ခရိုင် အမှတ်- ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းနဲ့ ပဲခူးရိုးမတောင်တန်းရဲ့ အစပ်မှာရှိတဲ့ ပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား ပြီးခဲ့တဲ့နှစ်ပိုင်းထဲက တိုက်ပွဲတွေမကြာခဏဖြစ်ပွားလာတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
“ရိုးမပေါ်မှာ PDF တွေ တပ်ရင်းတွေအခြေစိုက်တဲ့နေရာတွေရှိတယ်။ စစ်ကြောင်းကလည်း အမြဲထိုးနေတယ်။ ရွာတွေလည်း ခဏခဏပဲ မီးရှို့ခံရတယ်။ ထွက်ပြေးရတာလည်း ခဏခဏပဲ” လို့ ပေါက်ခေါင်းဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေထဲမှာ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်ပြီး ပေါက်ခေါင်းမြို့နယ်အတွင်း မိုးသက်လေပြင်းကျနေတာကြောင့် ၎င်းတို့အတွက် ဆေးဝါး၊ အမိုးအကာနဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဒေသတွင်း တော်မလှန်ရေးအင်အားစုတချို့က ထုတ်ပြန်ပါတယ်။

ပုံစာ – ဒီမနက်ထွက်ပြေးလာတဲ့ ဒေသခံတချို့
ဓါတ်ပုံ – Pyay Underground News

