ရန်ကုန် – ၂၀၂၄ ဧပြီ ၁၇ (မော်ကွန်း)
အင်းစိန်အကျဉ်းထောင်ကနေ ဒီနေ့ အကျဉ်းသား ၉၀၀ ကျော် ပြန်လွတ်မြောက်လာပါတယ်။
ဒီနေ့လွှတ်ပေးခဲ့တဲ့ အကျဉ်းသား ၉၀၀ ကျော်ထဲမှာ ပြစ်ဒဏ်ငါးနှစ်အောက်အကျဉ်းသားတွေ အများစုပါဝင်တယ်လို့ အင်းစိန်ထောင်ကနေ လက်နက်ကိုင်ဆောင်မှုပုဒ်မ ၁၉(င)နဲ့ ထောင်ကနေ ပြန်လွတ်မြောက်လာတဲ့ အကျဉ်းသားတစ်ဦးက ပြောပါတယ်။
“မိန်းကလေး၊ ယောက်ျားလေး အားလုံးပေါင်း ကိုးရာကျော်တယ်။ ငါးနှစ်အောက် ထောင်ထဲမှာ ထက်ဝက်နေပြီးတဲ့သူတွေ ပြန်လွတ်တာများတယ်။ ဒီတစ်ခေါက်က ဆေးမှုနည်းတယ်”လို့ သူကပြောပါတယ်။
ဒါ့အပြင် လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားလည်း အနည်းငယ်ပါဝင်တယ်လို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။
“၅၀၅ နဲ့က ကျွန်မတို့ကားပေါ်မှာဆို နှစ်ယောက်ပဲပါတယ်။ တခြားသူတွေပါမပါမသိသေးဘူး”လို့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅-က နဲ့ ပြန်လွတ်လာသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံအနှံ့ကအကျဉ်းထောင်၊ အချုပ်စခန်းအသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသူ၊အကျဉ်းသား သုံးထောင်ကျော်(၃,၃၀၃ဦး)ကို လွှတ်ပေးမယ်လို့ ဒီနေ့မနက်ပိုင်းက ကြေညာခဲ့ပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန်ကနေ အခုလ ၁၂ရက်အထိ အရပ်သား ငါးထောင်နီးပါးကို သတ်ဖြတ်ထားသလို ၂၆,၅၂၄ဦး ကိုဖမ်းဆီးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက ဆိုထားပါတယ်။
ဒီအတောအတွင်း စစ်ကောင်စီက အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထားသူတွေကို လွှတ်ပေးတာဟာ ဒီနေ့အပါအဝင်ဆို ၁၅ကြိမ်ရှိပါတယ်။
အဲဒီထဲက ပြန်လွတ်လာတဲ့အကျဉ်းသားပေါင်း ကိုးသောင်းကျော်မှာ နိုင်ငံရေးအကျဉ်းသား ရှစ်ထောင်ဝန်းကျင်သာရှိတယ်လို့ လေ့လာစောင့်ကြည့်နေတဲ့ သုတေသနအဖွဲ့တွေက ဆိုထားပါတယ်။
ပုံစာ-အင်းစိန်ထောင်မှာ ဒီနေ့ နေ့လယ်ပိုင်းက အကျဉ်းကျခံနေရသူတွေကို ပြန်လွှတ်ပေးနေစဉ်။
ဓာတ်ပုံ-mawkun