ပုလဲ-၂၀၂၃ နိုဝင်ဘာ ၁၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက ပုလဲမြို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်မှာစိုးတာကြောင့် စစ်ကောင်စီတပ်တွေဟာ မြို့ပေါ်မှာ အင်အားဖြည့်တင်းပြီး ခံစစ်ပြင်နေတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“သူတို့အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း မြို့ကိုလာသိမ်းမှာစိုးတဲ့အတွက် ဆားလင်းကြီးမြို့နယ်ကျားတက်စခန်းကပူးပေါင်းလာတာကော ၇၀၈ တပ်ရင်းရဲ့ စစ်ကြောင်းကော သူတို့နဂိုရှိပြီးသားရဲတပ်ဖွဲ့ဘက်ကကော စစ်သားတွေဘက်ကကော ပြင်ဆင်မှုတွေလုပ်ထားတယ်။ မြို့ထဲမှာ လက်နက်ကြီးတွေဆင်ပြီးတော့ အခြားသောနေရာတွေကို မနေ့က ငါးချက်လောက်လှမ်းပစ်နေတဲ့အခြေအနေရှိပါတယ်ဗျ” လို့ သူကပြောပါတယ်။
အဲဒီ့ပစ်ခတ်မှုကြောင့် ပုလဲမြို့ပေါ်၊ နတ်ကြီးရပ်ကွက်က ဒေသခံနှစ်ဦး လက်နက်ကြီးစထိမှန်သေဆုံးခဲ့သလို အနည်းဆုံးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
ဒေသခံကာကွယ်ရေးအဖွဲ့တွေကော စစ်ကောင်စီတပ်တွေဘက်ကပါ နှစ်ဖက်စစ်ရေးအသင့်ပြင်ထားတဲ့ အနေအထားဖြစ်တာကြောင့် အချိန်မရွေးတိုက်ပွဲတွေ ဖြစ်နိုင်တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ပုလဲမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေက ထွေအုပ်ရုံးနဲ့ ရဲစခန်းနှစ်နေရာသာ တပ်စွဲထားပြီး မြို့ပေါ်မှာ နဂိုရှိနေတဲ့တပ်တွေနဲ့ အခုလ ၁၅ ရက်က ဆားလင်းကြီးမြို့နယ် ကျားတက်ရဲစခန်းကို စွန့်ခွာပြီး လာပူးပေါင်းတဲ့ စစ်ကောင်စီတပ်အင်အား ၈၀ ဝန်းကျင်ရှိတာကြောင့် မြို့ပေါ်မှာ စစ်ကောင်စီတပ်အင်အား နှစ်ရာဝန်းကျင်လောက်ရှိတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
“ မြို့ပေါ်မှာတောင် စခန်းနဲ့ ထွေအုပ်လောက်ပဲ သူတို့ကရှိတာဆိုတော့ ကျန်တဲ့အပိုင်းကတော့ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေလို့ပြောလို့ရတယ်။ (၁၅ ရက်က)တိုက်ပွဲကတော့ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဆူးခြစ်ရာတောင်မှမရခဲ့ပါဘူး။ လောလောဆယ်တော့ သူတို့လည်း ငြိမ်နေတယ်။ ကျွန်တော်တို့လည်း ဒီတိုင်းစောင့်ကြည့်ဆဲပေါ့” လို့ ကျားသစ်နက်တပ်မတော်က ဥက္ကဌဖြစ်သူ ကိုဥက္ကာက ပြောပါတယ်။
အခုလ ၁၅ ရက်က ပုလဲမြို့နယ်ထဲက စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်းကို ကျားသစ်နက်တပ်မတော်အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် စစ်ကောင်စီတပ်တွေဘက်က တပ်ကူတွေရောက်လာတာကြောင့် ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ကျားသစ်နက်တပ်မတော်က မနေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲမှာ မြို့မရဲစခန်းက စစ်ကောင်စီတပ်သားခုနစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အခုလက်ရှိပုလဲမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေဟာ ဒေသခံတွေကို အစစ်ဆေး အရင်ကထက် ပိုတင်းကြပ်နေပြီး ဆက်သွယ်ရေးလိုင်းတချို့လည်း ပြတ်တောက်နေတယ်လို့ ပုလဲမြို့ခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက မန္တလေး-မြစ်ကြီးနားရထားလမ်း၊ ကားလမ်းဆုံမြို့တစ်မြို့ဖြစ်တဲ့အပြင် ခရိုင်မြို့ကြီးတစ်ခုဖြစ်တဲ့ ကောလင်းမြို့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက အခုလ ၆ ရက်က သိမ်းပိုက်ခဲ့ပါတယ်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေက အောက်တိုဘာ ၂၇ ကစလို့ “၁၀၂၇ စစ်ဆင်ရေး”စတင်ကာ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီမြို့တွေကို သိမ်းပိုက်ထားသလို ကရင်နီပြည်နယ်မှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက “၁၁၁၁စစ်ဆင်ရေး” စတင်ကာ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မကြာခင်မှာ တည်ငြိမ်တဲ့အခြေအနေ လုံခြုံမှုရှိတဲ့အခြေအနေတွေကို ပြန်လည်တည်ဆောက်သွားမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ပြောထားပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပုလဲမြို့နယ်တွင်းက ဒေသခံများ။
ဓာတ်ပုံ-ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့