မုံရွာမြောက်ဘက်က ရှေးဟောင်းအဆောက်အဦအများအပြားရှိတဲ့ ခိုးသန်းရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးနေ

မုံရွာမြောက်ဘက်က ရှေးဟောင်းအဆောက်အဦအများအပြားရှိတဲ့ ခိုးသန်းရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးနေ

မုံရွာ-၂၀၂၄ မတ် ၅ (မော်ကွန်း)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့မြောက်ဘက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးက ရှေးဟောင်းအဆောက်အဦတွေနဲ့ ဘုန်းကြီးကျောင်းတွေအများအပြားရှိတဲ့ ခိုးသန်းရွာကို စစ်ကောင်စီတပ်တွေက ဒီနေ့လယ်ပိုင်းက မီးရှို့ဖျက်ဆီးနေလို့ ဒေသခံအများအပြားထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မော်ကွန်းကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ခိုးသန်းရွာကို မနေ့ကညနေပိုင်းကတည်းက စီးနင်းခဲ့တာဖြစ်ပြီး ဒီနေ့လယ်မှ ဒုတိယအကြိမ်မီးရှို့ဖျက်ဆီးနေတာလို့ ဒေသခံတစ်ဦးကဆိုပါတယ်။

“ခိုးသန်းရွာမှာက ရှေးဟောင်းအဆောက်အဦးတွေများတယ်။ ဘုန်းကြီးကျောင်းတွေ၊ ကျောင်းကန်ဇရပ်တွေ များတယ်။ ဟိုးရှေးတုန်းက ရှေးဟောင်းသမိုင်းဝင်ကျောင်းကြီးတွေများတယ်။ အခုလက်ရှိ ခိုးသန်းအခြေအနေကတော့ ရှို့နေတုန်း၊ မီးခိုးတွေတွေ့နေရတုန်းပေါ့။ ပြီးခဲ့တဲ့တစ်ခေါက်က အိမ်ခြေ တစ်ရာ၊ ၁၅၀ လောက်ပါသွားတယ်။ အခုက ကျန်တဲ့လက်ကျန်အကုန်ရှို့နေတာ။ တိုက်ပွဲမရှိဘဲနဲ့ရှို့တာပါ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အိမ်ခြေလေးရာဝန်းကျင်ရှိတဲ့ ခိုးသန်းရွာကို စစ်ကောင်စီတပ်တွေဟာ အခုလ ၁ ရက် မနက် ၅ နာရီဝန်းကျင်တုန်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ သူတို့ရဲ့စစ်ဌာနချုပ်အနီးမှာရှိတဲ့ ခိုးသန်းရွာအပြင် အခြားရွာတွေကိုပါ မကြာခဏ စီးနင်းမီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်လေ့ရှိတယ်လို့ မုံရွာအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ဆိုပါတယ်။

“အဲဒီရွာက စစ်ဌာနချုပ်နဲ့လည်းနီးတော့ တိုက်ပွဲဖြစ်ခဲတယ်။ စစ်တိုင်းရုံးနဲ့ အနီးစပ်ဆုံးနေရာပါ။ ကြားမှာ တစ်ရွာလောက်ပဲခြားတာ။ ကျောက်စစ်ပုံအမြှောက်တပ်ကနေ လက်နက်ကြီးနဲ့ ရမ်းပစ်တာတွေတော့ရှိတယ်၊ တိုက်ပွဲတော့မရှိဘူး” လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ အနီးတစ်ဝိုက်က ကျေးရွာတွေကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၄ရက်ကစလို့ စီးနင်းမီးရှို့တာတွေလုပ်ဆောင်နေပြီး ရွာတွေထဲက တန်ဖိုးရှိပစ္စည်းတွေကိုလည်း ယူဆောင်နေတယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးကလည်း ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေရွာမီးရှို့နေလို့ ခိုးသန်းရွာအပြင် အနီးနားမှာရှိတဲ့ကျေးရွာတွေက ဒေသခံအများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသလို ပျက်စီးဆုံးရှုံးမှုကိုလည်း မသိရသေးဘူးလို့ ဒေသခံတွေကဆိုကြပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာအထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နိုင်ငံတစ်ဝန်းက အိမ်ခြေ ရှစ်သောင်းဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုထားပါတယ်။

ပုံစာ-ခိုးသန်းရွာ ပထမအကြိမ်မီးရှို့ခံရစဉ်က ပျက်စီးဆုံးရှုံးမှုများ။

ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး။

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."