ပုလဲ – ၂၀၂၁ အောက်တိုဘာ ၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီယာဥ်တန်းမိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားအများအပြား သေဆုံးကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။
ဒီကနေ့ နံနက်ပိုင်းက အမြောက်ကား ၈ စီး၊ ထရပ်ကား၊ တွဲကားး အစီး၈၀ ကျော်နဲ့ ထောက်ပို့စစ်ကူအဖြစ် ဝင်ရောက်လာတဲ့ ယာဉ်တန်းဟာ ပုလဲမြို့နယ်အတွင်း ကန့်ဒေါင့်ကျေးရွာ အနောက် ပိတောက်ကုန်း လမ်းခွဲအလွန် ရွှေမင်းသမီးကွေ့ ခေါ် ကိုးလောင်းပြိုင်ကွေ့မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ယာဥ်တန်းကို မိုင်း ၂၇လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်တန်းအတွင်းမှ ကား ၅ စီး ပျက်စီးခဲ့ကာ စစ်ကောင်စီတပ်သားများ အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
နံနက်ဆယ်နာရီလောက်အထိ အဲဒီယာဉ်တန်းဟာ ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိသေးဘဲ နဂါးမတောင်ပေါ်တွင် ရပ်တန့် နေဆဲဖြစ်ကြောင်း ပုလဲ PDF ကဆိုပါတယ်။
မနေ့က နံနက်ပိုင်းတုန်းကလည်း အမြောက်ကားနှစ်စီးပါတဲ့ စစ်ကောင်စီယာဥ်တန်းကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သား ၂၅ ဦးထက်မနည်း ကျဆုံးခဲ့တယ်လို့ ပုလဲ PDF ထုတ်ပြန်ပါတယ်။
#Dailynews

