ရှမ်းပြည်နယ်တောင်ပိုင်း-၂၀၂၃ မတ် ၁၁ (မော်ကွန်း)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံး၊ ဆီဆိုင်၊ လွိုင်လင်နဲ့ ပင်လောင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် စစ်ရှောင်ဦးရေ ဆက်လက်မြင့်တက်လာနိုင်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO ကတာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“လွိုင်လင်မြို့နယ် မိုင်းပွန်အနောက်မှာ ဒေသခံပြည်သူတွေက ပြန်နေလို့ရပြီဆိုသည့်တိုင်အောင်လည်း မြေပြင်အခြေအနေက တည်ငြိမ်နေတာ မဟုတ်ပါဘူး။ အခုဆို ပင်လောင်းလည်း ပါလာပီဆိုတော့ စစ်ရှောင်ဦးရေကတော့ များလာဖို့ဘဲ ရှိပါတယ်” လို့ သူကဆိုပါတယ်။
ပင်လောင်းမြို့နယ်ထဲမှာတော့ အခုလ ၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတွေကတော့ ၇ ရက်နေ့ကတည်းက ကြိုတင်စစ်ရှောင်ခဲ့ကြတယ်လို့ သူကပြောပါတယ်။
ရှမ်းတောင်တကြောမှာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကနေ အခုလ ၁၁ ရက် ဒီနေ့အထိ ၄၉ ရက်အတွင်း ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံဦးရေဟာ ၈၉,၂၇၈ ဦးအထိ ရှိလာတယ်လို့ PYO က ဒီနေ့ထုတ်ပြန်ထားပါတယ်။
အဲဒီစစ်ဘေးရှောင်အများစုကတော့ တိုက်ပွဲမဖြစ်သေးတဲ့ ကျေးရွာတွေ၊ တောတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးစတဲ့အကူအညီတွေလည်း လိုအပ်တယ်လို့ PYO တာဝန်ရှိသူက ပြောပါတယ်။
“စစ်ပွဲတိုက်ပွဲ တစ်လကျော်လာပြီဖြစ်တဲ့အပေါ်မှာ အကူညီတွေ လုံးဝမရရှိသေးတဲ့ စစ်ရှောင်အများစု ရှိနေပါတယ်။ အဓိကကတော့ စားနပ်ရိက္ခာ၊ လုံခြုံတဲ့ နေရာထိုင်းခင်းတွေ၊ အဝတ်အစားတွေ၊ ဆေးဝါးတွေ အစအဆုံး လိုအပ်နေကြပါတယ်။ တောတောင်ထဲ၊ ခြံထဲ ရှောင်ကြတဲ့ စစ်ရှောင်အတော်များတဲ့အပေါ်မှာ ရေခက်ခဲမှု ပြဿနာ၊ ဆေးဝါးလက်လှမ်းမမီတဲ့ ပြဿနာကို အတော်ရင်ဆိုင်နေကြရပါတယ်” လို့ သူကဆိုပါတယ်။
ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ကြောမှာရှိတဲ့ ကျောက္ကချားရွာက ဒေသခံတစ်ဦးကလည်း သူတို့ရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့စစ်တွေလာရောက်တပ်စွဲထားလို့ ရွာမပြန်ရဲဘဲ ထွက်ပြေးနေကြရတဲ့ ဒေသခံအများအပြားရှိနေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။
မနေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဟိုပုံးမြို့နယ်ထဲက ပင်လျှမ်းရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံးကြဲခဲ့လို့ နေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့တယ်လို့ PNLAက ဒီနေ့ထုတ်ပြန်ထားပါတယ်။
ရှမ်းတောင်တကြောမှာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့အချိန်ကနေ ဒီနေ့အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ လေးရာကျော်၊ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၁,၅၀၀ ကျော်လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ၄၉ ဦးအထိသေဆုံးခဲ့ပြီး ၆၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PYO ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒဿမ ၇ သန်းကျော်အထိရှိလာနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHAရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ပုံစာ-ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံများ။
Photo – Supplied

