အောင်ပိုင်
ရန်ကုန် – ၂၀၂၀၊ မတ် ၁၇ (မော်ကွန်း)
ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များခန့်အပ်ခြင်းနှင့်သက်ဆိုင်သည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်အဆိုကို ပြည်ထောင်စု လွှတ်တော်တွင် ယနေ့မဲခွဲဆုံးဖြတ်ရာ လုံလောက်သည့်ထောက်ခံမဲအရေအတွက် မရရှိသည့်အတွက် မူလအတိုင်းသာ ဖြစ်သည်ဟု လွှတ်တော်နာယကက ကြေညာသည်။
ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက်ခန့်အပ်ခွင့်ရှိသည်ဆိုသည့် မူလပြဋ္ဌာန်းချက်ကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းလွှတ်တော်များက ရွေးချယ်ခန့်အပ်ခွင့်ရှိသည်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ စိုင်းညွန့်လွင်က ယင်းပုဒ်မသည် ကိုယ့်ပြည်နယ်ကိုယ် စီမံခန့်ခွဲ၍မရဖြစ်နေခြင်းကြောင့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရန် ပိုမိုခက်ခဲစေသည်ဟု မော်ကွန်းကိုပြောသည်။
“တိုင်းရင်းသားပါတီတွေက လူနည်းစုပဲဆိုတော့ နဂိုကတည်းက သိနေပြီသားပါ ပြင်မရနိုင်ဘူးဆိုတာ။ နောက်ပြီး ဒီပုဒ်မ ၂၆၁ ကို NLD က တင်တာမဟုတ်ဘူး။ တပ်ကတော့ တင်ပုံရတယ်။ ဒါပေမဲ့ တပ်က တင်တာ NLD က သဘောမတူလိုက်၊ NLD ကတင်တာ တပ်က သဘောမတူလိုက်နဲ့ တိုင်းရင်းသားပါတီတွေက ဘာမှလုပ်မရဘူး” ၎င်းက ဆိုသည်။
ပုဒ်မ ၂၆၁ ပြင်ဆင်ရန် ထောက်ခံမဲ ၂၃၉ မဲသာရှိပြီး ပြင်ဆင်ရန်လုံလောက်သည့် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မပြင်ဆင်နိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၄၈၈ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စား ၁၆၆ ဦး၊ စုစုပေါင်း ၆၅၄ ဦး ရှိသည်ဟု ပြည်ထောင်စုလွှတ်တော် ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။
Photo – Pyidaungsu Hluttaw
#Dailynews