ရန်ကုန် – ၂၀၂၃ ဇူလိုင် ၁၁ (မော်ကွန်း)
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီရင်းကျေးရွာက မုန်တိုင်းကြောင့်ပျက်စီးသွားတဲ့ ဦးရာဇ်တော်ကြိုးတံတားပေါ်မှာ မနေ့မနက်ပိုင်းက ချောင်းထဲပြုတ်ကျသေဆုံးခဲ့တဲ့သူအလောင်းကို ဒီနေ့လယ်ပိုင်းက ပြန်ရှာတွေ့ပြီလို့ ကယ်ဆယ်ရှာဖွေရေးလုပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်းPDYO က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့လည်း တောက်လျှောက်ရှာနေကြတာ၊ ကင်းချောင်းမှာပဲ ပြန်တွေ့တာခင်ဗျ။ အလောင်းက ပြုတ်ကျတဲ့နေရာနဲ့ နီးနီးလေးပဲဗျ။ အခုနာရေးကားနဲ့တင်ပြီး ဆေးရုံပို့မလို့၊ လူနာရှင်မိသားစုက ဆေးရုံပို့ပေးပြောလို့ ကျွန်တော်တို့ ဆေးရုံပို့မလို့လုပ်နေတာ” လို့ ၎င်းကပြောပါတယ်။
ချောင်းထဲပြုတ်ကျသေဆုံးသူဟာ အသက် ၄၃ နှစ်အရွယ် ဦးထွန်းလှလို့သိရပြီး အရင်ကအဲဒီကြိုးတံတားမှာ အခုလိုလူပြုတ်ကျသေဆုံးတဲ့ ဖြစ်ရိုးဖြစ်စဉ် မရှိခဲ့ဘူးလို့ဆိုပါတယ်။
ဦးရာဇ်တော်ကြိုးတံတားဟာ ပုဏ္ဏားကျွန်းမြို့နဲ့ ဦးရာဇ်တော်ဘုရားကိုဆက်သွယ်ထားတဲ့ ကြိုးတံတားတစ်ခုဖြစ်ပြီး အခုနှစ် မေ ၁၄ ရက်က ရခိုင်ပြည်နယ်ထဲဝင်ရောက်ခဲ့တဲ့ မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ပြင်ဆင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်ဟာ မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့်ထိခိုက်မှုအများဆုံးမြို့နယ်တွေထဲကတစ်ခုအပါအဝင်ဖြစ်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့စာရင်းတွေအရသိရပါတယ်။
မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ရွာပေါင်း ၃၀၀ နီးပါးမှာ ၁၉၀ လောက်လုံးဝပျက်စီးသွားခဲ့တယ်လို့ PDYO ထံမှသိရပါတယ်။
ပုံစာ-ဦးရာဇ်တော်ကြိုးတံတားပေါ်မှ ပြုတ်ကျသေဆုံးသွားသူ၏အလောင်းအား ပြန်ရှာတွေ့စဉ်
Photo : PDYO
#Dailynews

