ဒီပဲယင်း – ၂၀၂၃ ဇန်နဝါရီ ၂၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်ထဲကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးပြီး လေးရက်အတွင်း ကျေးရွာဆယ်ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသိရပါတယ်။
ဒီပဲယင်းမြို့နယ်ထဲကို ဇန်နဝါရီ ၂၄ ကနေ ဒီကနေ့ထိ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ညောင်လှ၊ လက်ယက်ကုန်း၊ မူးခတွင်း၊ အောင်ချမ်းသာ၊ သရက်တော၊ မရကန်၊ အုန်းတစ်ပင်၊တိုင်နတ်၊ယဥ်ကျေး၊ ပေါက်ရင်းရွာ၊ အုံးတပင်ရွာတွေကိုမီးရှို့ခဲ့တယ်လို့မြေပြင်ကာကွယ်ရေးအဖွဲ့တွေဆီကသိရပါတယ်။
အာဏာသိမ်းစစ်တပ်စစ်ကြောင်းက အုန်းတစ်ပင်ရွာကိုမနေ့ကမီးရှို့ချိန်မှာ ကျေးရွာအတွင်း က သက်ကြီးအဘွားအိုတစ်ဦးမီးလောင်သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကပြောပါတယ်။
” သူတို့ရွာမီးရှို့ပြီးတဲ့ချိန်မှ အဘွားအိုအလောင်းကိုတွေ့တာပါ၊ နေအိမ်ထဲရှိတာသိလို့ရှို့လား၊ မသိလို့ရှို့လားဆိုတာတော့အတည်မပြုနိုင်သေးဘူး၊မီးရှို့သတ်ခံထားရတာတော့သေချာတယ်”လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ကပြောပါတယ်။
အာဏာသိမ်းစစ်တပ်စစ်သားတွေဟာ ဒီကနေ့မှာလည်း ဒိုင်နတ်ကျေးရွာကနေအိမ် ၂၀၀ ဝန်းကျင်ကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဒီပဲယင်းမြို့နယ်ထဲကကျေးရွာ ဆယ်ရွာကျော်ကို အကြမ်းဖက်စစ်တပ်ကမီးရှို့ခဲ့ပေမယ့် စုစုပေါင်းလောင်ကျွမ်းပျက်စီးတဲ့နေအိမ်အတိအကျကိုမသိရသေးပါဘူး။
အာဏာသိမ်းစစ်တပ်ရဲ့ ခမရ ၃၆၄နဲ့ခလရ ၇၀၁ တပ်တွေစစ်ကြောင်းထိုးနေတာဖြစ်ကာ ဒေသခံသောင်းနဲ့ချီနေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး စစ်ရှောင်တွေအတွက် အရေးပေါ်စားနပ်ရိက္ခာတွေလိုအပ်နေပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်းမှာ အရပ်သားပြည်သူ ၃၆,၆၆၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ Data for Myanmar က ဒီဇင်ဘာ၁၅ရက်နေ့ကထုတ်ပြန်ထားပါတယ်။
ပုံစာ – မီးလောင်ပျက်စီးထားသည့် ဒီပဲယင်းနယ် အုန်းဆစ်ပင်ကျေးရွာ
ဓာတ်ပုံ – Peoples Defense Comrade
#Dailynews

