ဗန်းမောက် – ၂၀၂၅ စက်တင်ဘာ ၁၆ (မော်ကွန်း)
စစ်ကိုင်းတိုင်းအထက်ပိုင်းက စစ်ကော်မရှင်တပ်နဲ့ ရှမ်းနီအမျိုးသားများကာကွယ်ရေးတပ် (SNA) တပ်တွေ ပူးတွဲထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို မနေ့ကစကာ တော်လှန်ရေးတပ်တွေက စတင်တိုက်ခိုက်နေပြီး မြို့သိမ်းတိုက်ပွဲ စတင်နေတယ်လို့ ရှမ်းနီဒေသခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်က ဗန်းမောက်-အင်းတော် ဆက်သွယ်ထားတဲ့ကားလမ်းကို တော်လှန်ရေးတပ်တွေက အကန့်အသတ်မရှိပိတ်လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ဗန်းမောက်မြို့အဝင်က စစ်ကော်မရှင်တပ်တွေ တပ်စွဲထားတဲ့ ကာကင်းစခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
စစ်ကော်မရှင်တပ်ဘက်က မြို့ရဲ့ ကာကင်းစခန်းတချို့ လက်လွှတ်လိုက်ရတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး စစ်ကော်မရှင်တပ်ဘက်က လေကြောင်းကနေလည်း ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဗန်းမောက်ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာ တော်လှန်ရေးတပ်တွေဘက်က ဗန်းမောက်-အင်းတော်ကားလမ်းကို ပိတ်ထားသလို စစ်ကော်မရှင်တပ်ကလည်း ဗန်းမောက်မြို့အဝင်အထွက်တွေကို ပိတ်ထားလိုက်ပြီး မြို့တွင်းမှာ ပိတ်မိနေတဲ့ ဒေသခံတွေအများအပြားရှိနေသေးတာပါ။
“KIA နဲ့ PDF တွေက အင်းတော်-ဗန်းမောက်လမ်းတစ်ခုလုံး အရင်ကတည်းက ထိန်းချုပ်ထားတာ။ အဲဒီလမ်းမှာ သူတို့ဂိတ်တွေပဲ။ ဗန်းမောက်ကို အရင်ထဲက ပိတ်ဆို့ထားပြီးသားလို့ ပြောလို့ရတယ်။ မြို့သိမ်းတိုက်ပွဲဖြစ်တော့မယ်ဆိုပြီး သတင်းထွက်နေတာလည်း သုံးလေးရက်ရှိပြီပေါ့။ အခုတော့ တိုက်ပွဲတွေတော့ စဖြစ်နေပြီပေါ့” လို့ ဗန်းမောက်ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်အတွင်းမှာရှိတဲ့ ဗန်းမောက်မြို့ဟာ ရှမ်းနီလူမျိုးအများစုနေထိုင်ပြီး၊ ကဒူး၊ ကနန်းမျိုးနွယ်စုတွေ နေထိုင်ကြတာပါ။
ဒါ့အပြင် ဒီမြို့မှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေလည်းအများအပြားရှိပြီး စစ်ကော်မရှင်နဲ့ ပူးပေါင်းနေတဲ့ ဒေသတွင်း ရှမ်းနီလက်နက်ကိုင်အဖွဲ့ SNA တပ်တွေ ထိန်းချုပ်ထားတာပါ။
“မြို့က လူဦးရေကတော့ သိပ်မရှိဘူး။ အဓိကတော့ ရွှေလုပ်ကွက်တွေပဲ။ လူဦးရေက တစ်မြို့မှ သောင်းဂဏန်းလောက်တော့ရှိမယ်။ အိမ်ခြေလည်းသိပ်တော့မများဘူး” လို့ ဗန်းမောက်ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ဗန်းမောက်မြို့ရဲ့ အရှေ့ခြမ်းနဲ့ တောင်ဘက်ခြမ်းတွေကို ထိန်းချုပ်ထားပြီး မြို့ပေါ်နဲ့ ကျန်နေရာတွေကိုတော့ SNA တပ်တွေ ထိန်းချုပ်ထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်တွေဟာ ဗန်းမောက်နဲ့ ဆက်သွယ်ထားတဲ့ ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်က အင်းတော်နဲ့ ထီးချိုင့်မြို့တွေကိုလည်း သိမ်းယူထားတာပါ။
ပုံစာ – ကချင်ပြည်နယ်နဲ့ စစ်ကိုင်းအထက်ပိုင်းမှာ လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – မိုးညှင်း PDF

