ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၂၆ (မော်ကွန်း)
ပြည်ပပို့ကုန်တင်ပို့သူတွေကို အခွန်သက်သာခွင့်နဲ့ ငွေကြေးပိုင်းဆိုင်ရာတင်းကြပ်မှုတွေ ဖြေလျှော့ပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလာပါတယ်။
စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် စီးပွားရေးကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပြီး အသေးစိတ်ကိုတော့စီစဉ်နေဆဲလို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က မနေ့က VOA ကိုပြောခဲ့တာပါ။
“Export ပိုပြီးပို့နိုင်အောင်လို့ အခွန်နဲ့ပတ်သတ်ပြီး သက်သာခွင့်၊ ပြီးရင်ငွေကြေးနဲ့ ပတ်သက်လို့က Incentive (မက်လုံး) ပေးဖို့ အစီအစဉ်ရှိပါတယ်။ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်တယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
ဘယ်လိုပုံစံ ဖြေလျှော့ပေးမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ သူကမပြောခဲ့ပါဘူး။
လက်ရှိမှာ တစ်ဒေါ်လာကို ပြင်ပပေါက်ဈေး ၃,၂၀၀ ကျပ်ဝန်းကျင်နဲ့ ရောင်းဝယ်နေချိန်မှာ စစ်ကောင်စီက ပို့ကုန်ကနေရလာတဲ့ ကုန်သည်တွေရဲ့ ဒေါ်လာကို ၂,၁၀၀ ကျပ်နဲ့တစ်ဝက် ၂,၉၀၀ ကျပ်နဲ့တစ်ဝက် လဲပေးနေတဲ့စနစ်က တွက်ခြေမကိုက်တာကြောင့် ပို့ကုန်လုပ်ငန်းအများစုက ရပ်နားထားရတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ပို့ကုန်တိုးမြှင့်ဖို့ ဒေါ်လာဈေးကို ပြင်ပပေါက်ဈေးနဲ့ချိန်ညှိပေးဖို့ လိုအပ်တယ်လို့ ပြည်ပပို့ကုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။
“ချက်ချင်းကြီး ပြန်ကောင်းလာအောင်တော့ လုပ်လို့မရဘူး။ ရေတိုနည်းလမ်းနဲ့ပဲ ဖြေရှင်းလို့မရဘူး။ တကယ်ဖြစ်နေတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကိုပါ ဖြေရှင်းပေးဖို့လိုတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်ထက်မှာ ပြည်ပနိုင်ငံတွေကို ဆန်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ ရာဘာ၊ ချုပ်ပြီးအထည် စတဲ့ထုတ်ကုန်တင်ပို့မှုတွေ လျော့ကျနေပြီး ကုန်သည်တွေက ငွေလဲနှုန်းနဲ့ တွက်ခြေကိုက်မယ့် ကုန်စည်တွေကိုပဲ အဓိကထားတင်ပို့နေတယ်လို့ မူဆယ်နယ်စပ်က ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ငွေလဲနှုန်းက အပြင်ဈေးကွက်မှာများနေပြီး ကျွန်တော်တို့ပြန်ရတဲ့ ပို့ကုန်ရငွေကတော့ သူတို့ သတ်မှတ်ဈေးနဲ့ရတော့ မကိုက်ဘူး။ ငွေလဲနှုန်း ညှိနှိုင်းပေးရမယ်။ ပြီးတော့ ဒေါ်လာကို အလွယ်တကူ ဝယ်ယူနိုင်အောင် စီစဉ်ပေးရမယ်။ စီးပွားရေး လုပ်သာကိုင်သာဖြစ်အောင်တော့ ဖြေလျှော့ပေးမှရမယ်” လို့ အဆိုပါ ပို့ကုန်လုပ်ငန်းရှင်က သုံးသပ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုတွေ လျော့ကျသွားပြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကပဲ အဓိကကုန်သွယ်နေတာပါ။
ကုန်သွယ်မှုမှာလည်း ပို့ကုန်ထက် သွင်းကုန်က ပိုမိုများပြားကာ လက်ရှိခြောက်လတာ ဘဏ္ဍာနှစ်ထဲမှာ ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာတစ်ဘီလီယံကျော်ထိ ရှိနေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံက သိရပါတယ်။
ပုံစာ – မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်
ဓာတ်ပုံ – Myawady

