မော်ကွန်းမဂ္ဂဇင်းအမှတ် ၆၉ မှ ကဗျာဖြစ်ပါသည်။
မင်းထက်မောင်
ဒီ စူပါမားကက်ကြီးထဲမှာ
ကျွန်မဟာ ကလေးကစားစရာ အရုပ်တစ်ရုပ်ပါ။
ဒီ စူပါမားကက်ကြီးထဲမှာ
ကျွန်မဟာ အသံထွက်နေတဲ့ ကြော်ငြာပိုစတာတစ်ချပ်ပါ။
ဒီ စူပါမားကက်ကြီးထဲမှာ
ကျွန်မဟာ ကုန်ဈေးနှုန်းတွေ သိုလှောင်ထားတဲ့
ကွန်ပျူတာတစ်လုံးပါ။
ကျွန်မနဲ့ ဒီ စူပါမားကက်ကြီး
ဒီ စူပါမားကက်ကြီးနဲ့ ကျွန်မ
ဘယ်လိုလုပ် ခွဲလို့ ရနိုင်ပါ့မလဲရှင်။
ကျွန်မဟာ ဒီ စူပါမားကက်ကြီးထဲမှာ အလုပ်လုပ်တယ်
မဟုတ်ဘူး မဟုတ်ဘူး
ကျွန်မဟာ ဒီ စူပါမားကက်ကြီးထဲမှာ နေတာ။
ဒီ စူပါမားကက်ကြီးထဲမှာ
ကျွန်မ တစ်နေ့လုံး နေတယ်
မတ်တတ်ရပ်ပြီး နေတယ် လမ်းလျှောက်ပြီး နေတယ်။
ဒီ စူပါမားကက်ကြီးထဲမှာ
ကျွန်မ တစ်နေ့လုံး နေတယ်
စကားပြောပြီး နေတယ် စကားမပြောဘဲလည်း နေတယ်။
ကျွန်မ စကတ်တိုတို ဝတ်ပြီး နေတယ်
ကျွန်မရဲ့ စူပါဗိုက်ဇာက ပြောတယ်
ကျွန်မရဲ့ စကတ်ဟာ တိုလေကောင်းလေပဲတဲ့။
ကျွန်မရဲ့ မျက်နှာကို ပြုံးပြီး နေတယ်
ကျွန်မရဲ့ မန်နေဂျာက ပြောတယ်
မိုနာလီဇာလို မပြုံးနဲ့ သက်မွန်မြင့်လို ပြုံးပါတဲ့။
ကျွန်မ ရောင်းအားမြှင့်ပြီး နေတယ်
ကျွန်မရဲ့ ဘော့စ်က ပြောတယ်
ကြိုးစားပါ ဘောနပ်စ်တွေက အများကြီးပါတဲ့။
ကျွန်မ ကြိုးစားရမှာပေါ့ရှင်
ဒီ စူပါမားကက်ကြီးဟာ ကျွန်မရဲ့ အိမ်ပဲ
ကျွန်မရဲ့ ကစားကွင်းပဲ ကျွန်မရဲ့ ပန်းဥယျာဉ်ပဲ။
ကျွန်မ စိတ်ထဲက ရှိတဲ့အတိုင်း
ပြောရမယ်ဆိုရင်တော့
ဒီ စူပါမားကက်ကြီးဟာ ကျွန်မဘဝ ကျွန်မက္ဘာပဲပေါ့။
ဒီ စူပါမားကက်ကြီးထဲက
ကျွန်မ ထွက်သွားလို့ မရနိုင်ဘူး။
ဒီ စူပါမားကက်ကြီးထဲက
ကျွန်မ လိုတာ အကုန်ရတယ်။
ဒီ စူပါမားကက်ကြီးထဲမှာ နေရတာ
ကျွန်မ လုံခြုံတယ်
ကျွန်မဘဝ ကျွန်မ စိတ်ချရတယ်။
ဒါကြောင့် ဒီ စူပါမားကက်ကြီးဟာ
ကျွန်မရဲ့ ကောင်းကင်ဆိုလည်း ဟုတ်
ကျွန်မရဲ့ အိပ်ရာဝင်ပုံပြင်ဆိုလည်း ဟုတ်တာပေါ့။
ဒီ စူပါမားကက်ကြီးထဲမှာ အလုပ်လုပ်ရတာ
မဟုတ်ဘူး မဟုတ်ဘူး နေရတာ ပျော်ရဲ့လား ဟုတ်လား
ပျော်တာပေါ့ရှင် အရမ်းကို ပျော်ပါတယ်။
ဒီ စူပါမားကက်ကြီးထဲမှာ နေရတာ
ကျွန်မ အရမ်းပျော်ရွှင်ကျေနပ်ပါတယ်
ဒါတင်မက ကျွန်မ ဂုဏ်လည်း ယူပါတယ်။
ဘာကြောင့်လဲ ဟုတ်လား
ဘာကြောင့်လဲဆိုတော့ ကျွန်မ လိုတာ အကုန်ရသလို
လူတွေလိုတာ အကုန်ရဖို့လည်း
ကျွန်မက ဆောင်ရွက်ပေးနေရလို့လေ။
ဒီ စူပါမားကက်ကြီးထဲမှာ
လူတွေဟာ
သူတို့လိုတာ အကုန်ရနိုင်သလား ဟုတ်လား
ရှင့်မေးခွန်းက အရမ်းကို ခေတ်နောက်ကျနေသလိုပဲ။
ဒီ စူပါမားကက်ကြီးထဲမှာ
အပ်ကနေ ဒုံးပျံအထိ ဘာမဆို ရနိုင်တယ်
တန်ရာတန်ဖိုးပေးရင်
ဘာမဆို တကယ် ရနိုင်တာပေါ့ရှင်။
ဒါနဲ့ စကားမစပ်
ကျွန်မနဲ့ ဒီ စူပါမားကက်ကြီးအကြောင်း လာမေးနေတဲ့
ရှင်ကရော ဘယ်သူလဲ
ဒီအကြောင်းတွေ မေးပြီး ဘာလုပ်မလို့လဲ။
ရှင်ဟာ ဒီ စူပါမားကက်ကြီးရဲ့
သုတေသနနဲ့ ဖွံ့ဖြိုးမှုဌာနစိတ်က ဝန်ထမ်းတစ်ယောက်လား
ဒါမှမဟုတ် ရှင်က ဂျာနယ်လစ်တစ်ယောက်လား
ဒီ စူပါမားကက်ကြီးထဲကို ရှင် ဘာလာလုပ်တာလဲ။
ကလေးကစားစရာအရုပ် ဝယ်မလို့လား
ကွန်ပျူတာ ဝယ်မလို့လား
ဒါမှမဟုတ် ကျွန်မကို ဝယ်မလို့လား
ရှင့်ကို ကြည့်ရတာ သာမန်လူတစ်ယောက်နဲ့ မတူဘူး
အိုင်ရိုဘော့ထ်သိပ္ပံကားထဲက စက်ရုပ်တစ်ရုပ်လိုပဲ။
(၂၀ဝ၄)
#mawkun #magazine #chronicle #poem #no69