၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Poem ဖြစ်ပါသည်။
မင်းထက်မောင်ရေးသည်
အရေးကြီးတဲ့ ရုံးဌာနတွေကို မင်း ဝင်ရောက်တဲ့အခါ
လွှဲလိုက်တဲ့ ငွေတွေကို ဘဏ်မှာ မင်း သွားထုတ်တဲ့အခါ
ရထားလက်မှတ် ကားလက်မှတ်တို့ကို မင်း ဝယ်ယူတဲ့အခါ
ခရီးထွက်ရင်း ဟိုတယ်တွေမှာ မင်း တည်းခိုတဲ့အခါ
သက်ဆိုင်ရာက စစ်ဆေးခြင်းကို မင်း ခံရတဲ့အခါ
ငါဟာ မင်းအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ။
ငါ့အပေါ်မှာ မင်းရဲ့ ဓာတ်ပုံနဲ့အတူ
မင်းရဲ့ အမည်၊ မင်းရဲ့ မွေးသက္ကရာဇ်
မင်းရဲ့ လူမျိုး၊ မင်းရဲ့ ကိုးကွယ်တဲ့ ဘာသာ
မင်းရဲ့ အရပ်အမြင့်၊ မင်းရဲ့ သွေးအမျိုးအစား
မင်းရဲ့ ထင်ရှားတဲ့ အမှတ်အသား၊ မင်းရဲ့ အလုပ်အကိုင်
မင်းရဲ့ နေရပ်လိပ်စာ၊ မင်းရဲ့ ထိုးမြဲလက်မှတ်
ပြီးတော့ ငါ့ရဲ့ ကတ်ပြားအမှတ်
အဲဒီ အချက်အလက် အရပ်ရပ်ကို ဖော်ပြထားကာ
ငါက မင်းအစစ်ဖြစ်ကြောင်း သက်သေပြုပေးရတာ။
တစ်ခါတစ်ခါတော့ အတော်လေး ရယ်စရာ
မင်းကိုယ်တိုင် တည်ရှိနေမှုထက်
ငါ တည်ရှိနေဖို့က ပိုလို့တောင် အရေးပါ အရာရောက်
ငါ ပျက်စီး ပျောက်ဆုံးသွားတာနဲ့
မင်း အကြီးအကျယ် ဒုက္ခရောက်တော့တာပဲ
မင်းတို့လူတွေ လုပ်ပုံကိုင်ပေါက်က
ဦးနှောက်စားစရာ ပဟေဠိအလား ငါ မစဉ်းစားတတ်
တကယ်တော့ ငါက လက်တစ်ဝါးစာတောင် မရှိလေတဲ့
ဘာမှမဟုတ်တဲ့ စက္ကူကတ်ပြားကလေးတစ်ခုသာကွယ့်။
(၂၈.၉.၂၀၁၇)
- #Min_Htet_Maung
- #mawkun
- #magazine
- #chronicle