အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ ဧပြီ ၉(မော်ကွန်း)
တပ်မတော်နှင့် ရခိုင်တပ်တော်(AA) တို့၏ တိုက်ပွဲများကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ကျေးရွာတချို့မှ လူဦးရေ ၅၀၀ ခန့်သည် ပလက်ဝမြို့ပေါ်သို့ည ဧပြီ ၉ ရက် နံနက်ပိုင်းတွင် တိမ်းရှောင်လာကြောင်း ၎င်းတို့ကို ကူညီပေးနေသူက ပြောသည်။
ယခု ရောက်လာသူများမှာ ပလက်ဝမြို့နယ်ရှိ စိမ်းစင်းရွာ၊ သူဌေးကုန်းရွာ၊ ငဗွီရွာနှင့် ရုပ်ဝရွာများတွင် နေထိုင်သူများ ဖြစ်ကြောင်း ၎င်းတို့ကို ကူညီပေးနေသူ ပလက်ဝဒေသခံ ဆလိုင်းအိုက်ထွန်းမင်းက ပြောသည်။
“ပလက်ဝမြို့ပေါ်မှာ ရှိတဲ့ အထက ကျောင်းမှာ ထားထားတယ်၊ မနေ့က ဆမီးနဲ့နီးတဲ့ရွာတွေကလည်း ဆမီးဘက်ကို ရွေ့တယ်လို့ ကြားပါတယ်၊ ပလက်ဝနဲ့ နီးတဲ့ရွာတွေက ပလက်ဝဘက်ကို ရွေ့လာတာပါ” ဟု ၎င်းက ရှင်းပြသည်။
ပလက်ဝမြို့နယ်ကို ဆန်နှင့် ရိက္ခာသယ်ယူရန် လမ်းကြောင်း ပိတ်ထားခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်အခက်အခဲနှင့် နေထိုင်ရန် နေရာ အခက်အခဲရှိသည်ဟု ပလက်ဝ ဒေသခံများက ပြောသည်။
ဧပြီ ၇ ရက်က ပလက်ဝမြို့နယ်ရှိ နန်းချောင်းဝကျေးရွာကို ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်မှုကြောင့် ချင်းလူမျိုး ၇ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိကာ ပလက်ဝမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသည်ဟု ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ဧပြီ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
“စားနပ်ရိက္ခာအတွက် ပြည်ထောင်စုလူကယ်ပြန်က ပို့ထားတာတွေကို ကျွန်တော်တို့ ဆမီးအထိ ပို့ထားတယ်၊ ဆမီးနဲ့ပလက်ဝကြား ၄၂ မိုင်ကို ကျွန်တော်တို့ လုံခြုံရေးယူမပေးနိုင်တဲ့အတွက် လောလောဆယ် ပို့လို့မရဘူး ဖြစ်နေတယ်”ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြောသည်။
ပလက်ဝမြို့နယ်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရန် ယာယီစခန်း(Camp) များ ဆောက်လုပ်ရန် ပြည်ထောင်စုအစိုးရသို့ တင်ပြထားပြီး သစ်နှင့် ဝါးခုတ်ရန်လည်း လုံခြုံရေးမပေးနိုင်သည့်အတွက် အခက်အခဲဖြစ်နေသည်ဟု ဝန်ကြီး ဦးစိုးထက်က ပြောသည်။
AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရကကြေညာပြီးနောက် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်မြို့နယ်တို့တွင် ဧပြီလအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့တဲ့နှစ် ဇွန်လတွင်တွေ့ရတဲ့ ပလက်၀စစ်ဘေးရှောင်များဆန်အလှူပွဲအခန်းအနားတစ်ခု
Photo – Banyar Kyaw
#Dailynews