အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၇ (မော်ကွန်း)
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တပ်မတော်နှင့် ရခိုင့်တပ်တော်(AA) တို့ကို ပစ်ခတ်တိုက်မှုများ ရပ်စဲပေးရန် ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)က ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုလိုက်သည်။
“ စစ်ဘေးစစ်ဒဏ်ပါ ခံရတဲ့အပြင် ရွေးကောက်ပွဲ မရှိဘူး၊ ကိုယ်စားပြုကိုယ်စားလှယ်ပါ မရှိဘူးဆိုရင် ပိုဆိုးသွားနိုင်တယ်လေ၊ အဲဒါလေးကို သိစေချင်တာပါ” ဟု ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဆလိုင်းစောမြက ပြောသည်။
တောင်းဆိုချက်တွင် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလု ပ်မည့် အထွေထွေရွေးကောက်ပွဲကြီး ကောင်းမွန်စွာကျင်းပပြုလုပ်နိုင်ရန် အရေးအကြီးဆုံးအခြေခံလိုအပ်ချက်မှာ မဲဆန္ဒရှင်ပြည်သူများ၏လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးပင် ဖြစ်သည်။ ယင်းအတွက် မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ကြား ဖြစ်ပွားလျှက်ရှိသည့် အပြန်အလှန် ရန်လိုပစ်ခတ်တိုက်ခိုက်မှုများရပ်စဲပြီး၊ AA လက်နက်ကိုင်အဖွဲ့ အနေဖြင့်လည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ၊ ဒေသခံချင်းလူငယ်များကို ဖမ်းဆီးသိမ်းသွင်းခြင်းနှင့် အင်အားစုဆောင်းခြင်းများ မပြုလုပ်ရန် လိုအပ်ပါသည်ဟု ဖော်ပြထားသည်။
ထို့အပြင် ချင်းပြည်နယ်အစိုးရအနေဖြင့်လည်း ပလက်ဝမြို့နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့်လုံခြုံရေးအစီအမံများကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ကာ ပြင်ဆင်ထားရှိရန်လိုအပ်မည်ဟု ဖော်ပြသည်။
ယင်းတောင်းဆိုချက်နှင့်ပတ်သက်၍ ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုးထက်က “အဲဒီ လုံခြုံရေးက ပြည်ထောင်စုကနေပြီးတော့ ကာကွယ်ရေး၊ ပြည်ထဲရေးတို့နဲ့ ပေါင်းစပ် ညှိနှိုင်းပြီးတော့ လုပ်ဖို့ဆိုတာလေးတွေ လမ်းညွှန်တာ ရှိတယ်၊ နောက်ပြီးတော့ ပလက်ဝရဲ့ လုံခြုံရေးအခြေအနေ တွေကိုလည်း ကာကွယ်ရေး၊ ပြည်ထဲရေးကနေပြီးတော့ သဘောထားမှတ်ချက်နဲ့ပေါ့ အဲဒီလို တင်ပြဖို့ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က စာနဲ့ အဲဒီလို အကြောင်းကြားထားတာတွေ ရှိတယ်”ဟု မော်ကွန်းကို ပြောသည်။
နယ်မြေက ယခင်ထက် အေးချမ်းလျက်ရှိပြီး တိုက်ပွဲဖြစ်ပွားမှုလည်း လျှော့ကျလျက်ရှိကြောင်းလည်း သူကမှတ်ချက်ပေးသည်။
၂၀၁၀ ၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ကျင်းပနိုင်ခြင်းမရှိသည့် ‘ဝ’ ဒေသမှ မြို့နယ် ငါးခုနှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်းနှင့် မကျင်းပနိုင်သည့်နေရာများကို အောက်တိုဘာလတွင် ကြေညာပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၂ ရက်တွင် သတင်းမီဒီယာများကို ပြောဆိုထားသည်။
ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၏ ယခုတောင်းဆိုချက်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို မော်ကွန်းက ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရခဲ့ပေ။
#Dailynews